S1mple ကို ၂ နှစ် ဆက်တိုက် ကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံး CS:GO ကစားသမားဖြစ်လာတဲ့ ZywOo
အသက် ၂၀ အရွယ်သာရှိသေးတဲ့ နာမည်ကျော် ပြင်သစ် CS:GO ကစားသမားတစ်ဦးဖြစ်သူ Mathieu “ZywOo” Herbaut ဟာ HLTV ရဲ့ ၂၀၂၀ တစ်နှစ်တာအတွက် အကောင်းဆုံး CS:GO ကစားသမား အယောက် ၂၀ စာရင်းမှာ Aleksandr “s1mple” Kostyliev ကို ကျော်လွန်ကာ နံပါတ်တစ် နေရာကို ရရှိသွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ZywOo ဟာ HLTV ရဲ့ စာရင်းမှာ S1mple ကို ယခုလိုပဲ ကျော်ဖြတ်နိုင်ခဲ့လို့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ၂ နှစ် ဆက်တိုက် ရပ်တည်နေနိုင်ပြီလည်း ဖြစ်ပါတယ်။
၂၀၁၈ တုန်းက နောက်ဆုံးအကြိမ်အဖြစ် HLTV ရဲ့ စာရင်းမှာ ထိပ်ဆုံးဖြစ်ခဲ့ဖူးတဲ့ S1mple အတွက်တော့ ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရတာ ယခုတစ်ခေါက်နဲ့ဆိုရင် ၂ ကြိမ် ရှိသွားခဲ့ပါပြီ။ HLTV rankings စာရင်းဟာ တစ်နှစ်တာအတွင်း ကစားသမားများရဲ့ စွမ်းဆောင်ရည်များအရ သတ်မှတ်ထားတာဖြစ်ပြီး အခြားမည်သည့် ပြင်ပအချက်အလက်ကိုမှ ထည့်တွက်ထားခြင်း မရှိဘူးလို့ HLTV ရဲ့ တရားဝင် ဝက်ဘ်စာမျက်မှာပေါ်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ZywOo ကို ၂၀၂၄ ခုနှစ်အကုန်ထိ ၄ နှစ်တာ ဆက်လက်ခေါ်ယူဖို့ စာချုပ်ချုပ်ဆိုထားတဲ့ Team Vitality အတွက်တော့ ဒါဟာ ဝမ်းမြောက်ဖွယ်ကောင်းတဲ့ သတင်းတစ်ခုပါ။ ၂၀၁၈ နှစ်နှောင်းပိုင်းလောက်တည်းက ZywOo ကို စတင်ခေါ်ယူထားခဲ့တဲ့ Team Vitality ဟာ သူ့အနေနဲ့ ပွဲတိုင်းမှာ လက်ကုန်ထုတ် ကစားနိုင်အောင် တွဲဖက်ညီစေမယ့် အခြားကစားသမားများ ခေါ်ယူပေးခြင်း အပါအဝင် ကြိုးပမ်းမှုအမြောက်အများကို ဆက်တိုက်ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

S1mple ဟာ ဒီစာရင်းမှာ ZywOo ကို ရှုံးနိမ့်ခဲ့ပေမယ့် တစ်ယောက်ချင်းယှဥ်မယ်ဆိုရင် ကစားသမား ၂ ဦးကြား စွမ်းဆောင်ရည် ကွာခြားမှုက အလွန်နည်းပါးပါတယ်။ ZywOo ကို S1mple ထက် သာလွန်သွားစေတဲ့ အဓိကအချက်ကတော့ သူ့ရဲ့ အသင်းဖြစ်တဲ့ Team Vitality ဟာ S1mple ရဲ့ Na’Vi ထက် ပြိုင်ပွဲအများစုမှာ အဆင့်နေရာ ပိုကောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။
S1mple ကတော့ ယခုတစ်ကြိမ်မှာလည်း ဒုတိယသာ ရရှိခဲ့ပေမယ့် သူ ပါဝင်ကစားနေတဲ့ Na’Vi အသင်းကို ကမ္ဘာ့အကောင်းဆုံး CS:GO အသင်းဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း တွစ်တာပေါ်မှာ ရေးသားသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, hltv