PS5 ဟာ လေသန့်စက် မဟုတ်ကြောင်း အလိမ်ပေါ်သွားလို့ ပြန်ရောင်းဖို့ ဇနီးက ဖိအားပေးတာခံခဲ့ရတဲ့ အမျိုးသား
ပြီးခဲ့တဲ့လအတွင်း နိုင်ငံအချို့မှာ စတင်ဝယ်ယူနိုင်နေပြီဖြစ်တဲ့ PS5 ဟာ အလွန်ရောင်းအားကောင်းပြီး အောင်မြင်လှတဲ့ ဂိမ်းစက်တစ်လုံးပါ။ စတင်ချိန်မှာ အရေအတွက်အကန့်အသတ်နဲ့သာ ရောင်းချပေးခဲ့တာဖြစ်လို့ ဂိမ်မာများဟာ PS5 လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် အလုအယက်ဝယ်ယူနေခဲ့ကြတာလည်းဖြစ်ပါတယ်။ PS5 တစ်လုံးကို စောစီးစွာ ပိုင်ဆိုင်ခွင့်ရခဲ့သူကတော့ Jin Wu လို့ အမည်ရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးပါ။
ဖေ့စ်ဘုတ်ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တဲ့ Jin Wu ရဲ့အဆိုအရ သူဟာ PS5 ဂိမ်းစက်တစ်လုံးကို အခြားသူ တစ်ဦးဆီကနေ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Jin Wu ဟာ ပထမဆုံးအကြိမ်အဖြစ် PS5 ရောင်းမယ့်သူကို ဖုန်းနဲ့ စတင်ဆက်သွယ်စဉ်မှာ အမျိုးသမီးအသံတစ်ခုက ပြန်လည်ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။ ယင်းအမျိုးသမီးရဲ့ ပြောဆိုပုံများအရ သူမဟာ ဂိမ်းကစားလေ့ ရှိသူတစ်ဦး မဟုတ်သလို ပိုင်ဆိုင်ထားတဲ့ PS5 ကို အမြန်ပြန်ရောင်းထုတ်ဖို့ အလျှင်လို နေခဲ့တယ်လို့ လည်းဆိုပါတယ်။
တကယ်တမ်း Jin Wu ကိုယ်တိုင် အပြင်မှာ သွားရောက်တွေ့ဆုံဝယ်ယူစဉ်မှာတော့ လာရောင်းသူဟာ ဖုန်းဖြေကြားတဲ့ အမျိုးသမီးမဟုတ်ပဲ အမျိုးသားတစ်ဦးသာဖြစ်နေခဲ့ပါတယ်။ သူကတော့ ဂိမ်မာတစ်ဦးဖြစ်ပြီး Jin Wu ဟာ ယင်းအမျိုးသားကို လာရောက်ရောင်းချတဲ့ PS5 နဲ့ ပတ်သက်လို့ မေးခွန်းများ မေးမြန်းခဲ့ပါတယ်။
Jin Wu: “ဂိမ်းစက်ကို ဘယ်က ဝယ်လာခဲ့တာလဲဗျ”
လာရောင်းသူအမျိုးသား: “Pchome ကပါ” (Pchome ဟာ ထိုင်ဝမ်ရဲ့ နာမည်ကျော်အွန်လိုင်းစတိုးတစ်ခုဖြစ်ပါတယ်။)
Jin Wu: “အတော်မြန်မြန်ဝယ်လိုက်နိုင်တာပဲဗျ။ လက်ထဲမှာ စက် ၂ လုံးဖြစ်နေလို့ ပြန်ရောင်းတာလား”
လာရောင်းသူအမျိုးသား: “မဟုတ်ပါဘူး။ ကျွန်တော့်ဇနီးက ပြန်ရောင်းခိုင်းလိုက်လို့ပါ။ ဒီစက်ဟာ လေသန့်စက် မဟုတ်ပဲ PS5 ဂိမ်းစက်ဖြစ်နေမှန်း သူမ သိသွားလို့ပါ”
Jin Wu ရဲ့ ဖေ့စ်ဘုတ်ပို့စ်အောက်မှာတော့ အခြားသူများက ဒီအဖြစ်အပျက်လေးဟာ တောင်ကိုရီးယား YouTuber တစ်ဦးဖြစ်သူ JangBjju တင်ထားခဲ့တဲ့ ကာတွန်းလေးတစ်ခုနဲ့ အလွန်ဆင်တူကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ ယင်းကာတွန်းလေးအတွင်းမှာ အမျိုးသားတစ်ဦးဟာ PlayStation ဂိမ်းစက်တစ်လုံးကို router အဖြစ် လိမ်လည်ပြောဆိုကာ ဇနီးရှိတဲ့ အိမ်အတွင်း သယ်ဆောင်လာပုံကို ဟာသဆန်ဆန် ဖော်ပြထားတာပဲဖြစ်ပါတယ်။
source: mothership.sg