Dota 2 အသင်းတွေ လူစာရင်းအသစ် ကြေညာဖို့ ဘာလို့ အချိန်ကြာနေတာလဲ?
လာမယ့် 2022-2023 Dota Pro Circuit အတွက် ကစားသမားအသစ်တွေကို မှတ်ပုံတင်ဖို့ (၁၂) ရက်သာ လိုပါတော့တယ်။ အခုလို နီးကပ်လာတဲ့ အခြေအနေတစ်ခုမှာ SEA အသင်းအချို့သာ ကစားသမားသစ်တွေကို ကြေညာထားတာဖြစ်ပြီး ဥရောပအသင်းကြီးအကုန်နီးပါးကတော့ ဘာအသံမှ မထွက်လာသေးပါဘူး။
လာမယ့်ရာသီမှာ ကစားသမား အပြောင်းအရွေ့လုပ်ရင် နုတ်ခံရမယ့် DPC Point ကလည်း ၁၅% ကနေ ၂၀% ကိုပြောင်းလဲလာတာကြောင့် အသင်းတော်တော်များများက အသေအချာ အချိန်ယူပြီး ပြင်ဆင်နေမယ်လို့ ယူဆရပါတယ်။
အခုဖော်ပြမယ့်အကြောင်းအရာကတော့ အသင်းတွေအနေနဲ့ နောက်ရာသီအတွက် ကစားသမားတစ်ယောက်ကို မကြေညာခင် ဘယ်လိုအချက်တွေလုပ်ဆောင်ရတယ်ဆိုတာ BOOM Esports ရဲ့ Manager ရေးသားမှုကို ကိုးကားပြီး ဖော်ပြလိုက်ရပါတယ်။
- ကစားသမားအများစုရဲ့ စာချုပ်တွေဟာ တစ်ရာသီသာ ချုပ်ထားတာဖြစ်ပြီး TI အပြီးမှာ ကုန်ဆုံးလေ့ရှိပါတယ်။ ထို့အတွက် ရာသီအကုန်မှာ လက်ရှိကစားသမားတွေနဲ့ နည်းပြကို တစ်ယောက်ချင်းစကားပြောပြီး နောက်ရာသီ အသင်းမှာ ဆက်ကစားချင်စိတ် ရှိမရှိကို ဆွေးနွေးမေးမြန်းရပါတယ်။
- ထို့နောက်အသင်းအနေနဲ့လည်း အပြောင်းအလဲလုပ်ချင်တဲ့ ကစားသမားကို အသင်းနဲ့ လမ်းခွဲပြီး ထွက်ချင်တဲ့ကစားသမားတွေနဲ့ ဆက်လက်ညှိနှိုင်းရပါတယ်။
- ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေကို လွတ်နေတဲ့ နေရာတွေအတွက် သူတို့လိုချင်တဲ့/တွဲကစားချင်တဲ့ ကစားသမားတွေရှိမရှိ မေးမြန်းရပါတယ်။
- အဲဒီကစားသမားတွေ လက်ရှိစာချုပ်ရှိမရှိ လာကစားဖို့ ဆန္ဒရှိမရှိ စုံစမ်းရပါတယ်။
- ထို့နောက် ကစားသမားသစ်တွေနဲ့ရော ကျန်ရှိတဲ့ ကစားသမားတွေအတွက်ပါ စာချုပ်အသစ်တွေ ပြင်ဆင်ရပါတယ်။
- ပြီးရင် အားလုံးနဲ့ စာချုပ်ပါ အချက်အလက်တွေကို ညှိနှိုင်းပြီး လိုအပ်တာတွေကို ပြင်ဆင်ပေးရပါတယ်။ (လစာ/ဆုကြေးငွေခွဲဝေမှု/အခြား ထောက်ပံမှုရ စသဖြင့်)
- အားလုံးနဲ့ သဘောတူညီမှုရပြီးရင် ကြေညာဖို့အတွက် Jersey ပို့ပြီး ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်ရမယ် (အသင်းသားအသစ်တွေနဲ့ အသင်းတည်နေရာနဲ့ မတူရင် ပိုအလုပ်ရှုပ်ရပါတယ်)
- ပြီးရင် ထွက်ခွာမယ့် ကစားသမားတွေအတွက် နှုတ်ဆက် Video ပြင်ဆင်ပြီး တင်ပေးရပါတယ်။
- နောက်ဆုံးမှာ ကစားသမားအသစ်နဲ့Roster အသစ်ကို ကြေညာလို့ရပါပြီ။
ဒါ့အပြင် အသင်းတစ်သင်းက ခေါ်ချင်တဲ့ ကစားသမားတစ်ယောက်ဟာ အခြားအသင်းနဲ့ စာချုပ်ရှိနေခဲ့တယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး (buyout) ပေးပြီးမှ အသင်းသစ်နဲ့ စာချုပ်ချူပ်ဆိုခွင့် ရှိတာဖြစ်ပါတယ်။ ဘောလုံးစကားနဲ့ပြောရင် အသင်းပြောင်းရွေ့ကြေးသဘောမျိုး ဖြစ်ပါတယ်။
အထက်ပါ အဆင့်တွေဟာ Dota2 သာကမ Esports အသင်းအားလုံးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ ဖြစ်ပါတယ်။
DPC Roster Lock ဟာ ဒီဇင်ဘာ (၉) ရက်နေ့နောက်ဆုံးဖြစ်တာကြောင့် မကြာခင်ရက်ပိုင်းအတွင် အသင်းအားလုံးရဲ့ လူစာရင်းအပြည့်အစုံကို သိခွင့်ရတော့မှာဖြစ်ပါတယ်။ လူစာရင်းအသစ်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ Gaming Noodle ရဲ့ Facebook Page ကို Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။
#Zeyar