“ပရိသတ်ဝေဖန်မှုမြင့်တက်ခဲ့ရတဲ့ Dota 2 ရဲ့ gacha ဆန်ဆန် talent sticker ရောင်းချမှုစနစ်”

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Valve ဟာ မကြာမီကျင်းပတော့မယ့် TI11 ပြိုင်ပွဲကြီးအတွက် broadcast talent များ စာရင်းကို ကြေညာသွားခဲ့ပါတယ်။ ဒီစာရင်းအတွင်းမှာ host, observer, analyst, commentator စတဲ့ တာဝန်များကိုယူကြမယ့် talent စုစုပေါင်း အယောက် ၁၅၀ ကျော် ပါဝင်လာခဲ့ပြီး ပြောဆိုကြမယ့် ဘာသာစကားများကတော့ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ စပိန်နဲ့ ပေါ်တူဂီ တို့ပဲ ဖြစ်ကြပါတယ်။

Talent စာရင်းနဲ့အတူ TI11 battle pass အတွင်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့တာကတော့ talent sticker များကို ရရှိနိုင်မယ့် sticker capsule များပါ။ ဒီ capsule များကို တစ်ခုလျှင် ၀.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ကြမှာဖြစ်ပြီး talent sticker များထဲမှာမှ holo နဲ့ gold sticker များကို အသုံးပြုလိုက်မယ်ဆိုရင် သက်ဆိုင်ရာ talent ရဲ့ TI11 voice line ကိုပါ အပိုင်ရရှိမှာဖြစ်တယ်လို့ Valve က ဆိုခဲ့ပါတယ်။

ဒီ sticker ရောင်းချရငွေများရဲ့ ၅၀ ရာခိုင်နှုန်းကို talent များ အကျိုးခံစားခွင့်ရရှိကြမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပြီး ယခင်နှစ် TI များမှာလည်း အလားတူအစီအစဉ်မျိုးကို ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် capsule များဟာ sticker များကို လောင်းကစားဆန်စွာ ကျပန်းစနစ်နဲ့သာ ထုတ်ပေးမှာဖြစ်သလို holo နဲ့ gold sticker များကို ရရှိနိုင်​ခြေဟာလည်း အလွန်နည်းပါးလို့ Dota 2 အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ မြင့်တက်ခဲ့ရပါတယ်။

ပရိသတ်အမြောက်အများဟာ ယခင်နှစ်များမှာ မိမိတို့ နှစ်သက်ရာ talent များရဲ့ autograph များကို အတိအကျဝယ်ယူပြီး ယင်းတို့အတွက် ဝင်ငွေများပြားအောင် ပြုလုပ်ပေးခဲ့ကြပေမယ့် ယခုနှစ်အတွက် Valve ရဲ့ capsule စနစ်ကတော့ ဒီအစဉ်အလာကို ပျောက်ကွယ်သွားစေခဲ့တာပါ။ နာမည်ကျော် Dota 2 caster နဲ့ pro ကစားသမားဟောင်းတစ်ဦးဖြစ်သူ Kyle Freedman ရဲ့ ထောက်ပြချက်အရ capsule တစ်ခုကနေ holo သို့မဟုတ် gold sticker တစ်ခုကိုရရှိနိုင်ခြေဟာ ၄ ရာခိုင်နှုန်းခန့်သာရှိပြီး မိမိနှစ်သက်တဲ့ talent ရဲ့ voice line ကို ရရှိဖို့ကတော့ ၁ ရာခိုင်နှုန်းအောက်သာ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

Capsule များဟာ ရရှိပြီးသား sticker များကို ထပ်မံထုတ်ပေးနိုင်ခြေ ရှိနေပြီး ဒီကိစ္စဟာလည်း ပရိသတ်များကို သဘောမတွေ့ ဖြစ်စေခဲ့ပါတယ်။ Dota 2 အသိုင်းအဝိုင်းအတွင်းက capsule အမြောက်အများကို ဝယ်ယူခဲ့သူများဟာ holo နဲ့ gold sticker များကို ရရှိဖို့ အလွန်ခက်ခဲကြောင်း ထုတ်ဖော်ပြောကြားမှုများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီ ဂယက်ရိုက်မှုများကြောင့် Dota 2 talent များထဲက Mira “Ephey” Riad နဲ့ Jake “SirActionSlacks” Kanner တို့ရဲ့ gold sticker များကို steam market ပေါ်မှာ ဒေါ်လာ ၅၀၀ နီးပါး ပေါက်စျေးနဲ့ ရောင်းချမှုများ ပေါ်ပေါက်ခဲ့သလို အခြားနာမည်ကျော် talent များရဲ့ holo နဲ့ gold sticker များဟာလည်း စျေးမြင့်မားသွားခဲ့ပါတယ်။ ဒါပေမယ့် steam market ပေါ်က sticker စျေးကြီးမြင့်နေမှုဟာ သက်ဆိုင်ရာ talent အတွက် တိုက်ရိုက်ဝင်ငွေ မတိုးပွားစေနိုင်တာကြောင့် ပရိသတ်အမြောက်အများဟာ Valve ကို ဆန့်ကျင်တဲ့အနေနဲ့ capsule များကို မဝယ်ယူလိုတော့ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အချို့ပရိသတ်များကတော့ PGL အဖွဲ့အစည်းဟာ TI11 အတွက် လောင်းကစားစပွန်ဆာတစ်ခုကို လက်ခံထားခဲ့သလို ယခု sticker capsule စနစ်ဟာလည်း gacha ဆန်လှတာကြောင့် TI11 ဟာ လောင်းကစားခေါင်းစဉ်အောက်ကနေသာ ကျင်းပသွားတော့မှာဖြစ်ကြောင်း အရွှန်းဖောက်ပြောဆိုခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ကတော့ မကြာမီမှာပဲ Valve ဟာ talent များရဲ့ voice line များကို ကစားသူများ တိုက်ရိုက်ဝယ်ယူနိုင်အောင် ထည့်သွင်းပေးခဲ့ရသလို ဒီရောင်းချရငွေများရဲ့ ၅၀ ရာခိုင်နှုန်းကို talent များ အကျိုးခံစားခွင့်ရရှိကြမှာဖြစ်ကြောင်းလည်း ထပ်မံကြေညာပေးခဲ့ရပါတယ်။

ဝယ်ယူရရှိတဲ့ voice line များကို sticker က ရရှိတဲ့ voice line များနဲ့ တူညီစွာ အပိုင်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။ Esports လောကအတွင်းက Dota 2 ရဲ့ gacha ဆန်ဆန် talent sticker ရောင်းချမှုစနစ်အပေါ် ပရိသတ်များဝေဖန်ခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dota2 blog/ reddit