“Virtus Pro အသင်းသားတစ်ဦးအပါအဝင် ကစားသမား ၁၀ ဦးကို ရာသက်ပန် ban လိုက်တဲ့ Valve”

 

ယခုအချိန်ဟာ ၂၀၂၃ ခုနှစ် DPC ရာသီအတွက် qualifier ပွဲစဉ်များကို ကျင်းပနေချိန်ဖြစ်ပြီး ဒီရာသီအတွက် အသင်းသားစာရင်းပြောင်းလဲချိန်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အကျော်ကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် နာမည်ကျော် Dota 2 အသင်းအ​မြောက်အများဟာ ယင်းတို့ရဲ့ အသင်းသားစာရင်းများကို တရားဝင် ထုတ်ဖော်ကြေညာ ခဲ့ကြပြီလည်းဖြစ်ပြီး မကြာသေးမီရက်ပိုင်းအတွင်းကတော့ Valve ဟာ ပြိုင်ပွဲများအတွင်း အကောင့်မျှဝေအသုံးပြုသူနဲ့ အခြားအသင်းရဲ့ကစားသမားအဖြစ် ဝင်ရောက်ဟန်ဆောင်ကစားပေးသူ ကစားသမား ၁၀ ဦးကို ရာသက်ပန် ban လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဒီသတင်းကို ဆိုရှယ်မီဒီယာများပေါ်မှာ ကြေညာပေးခဲ့တာကတော့ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PGL ပါ။ တွစ်တာပေါ်မှာ တင်ထားခဲ့တဲ့ ယင်းပို့စ်အရ ကြေညာချက်အတွင်း ပါဝင်တဲ့ ကစားသမားများဟာ Valve ရဲ့ အနာဂတ်ပြိုင်ပွဲများအားလုံးအတွက် ရာသက်ပန်ဝင်ခွင့်ပိတ်ပင်ခံလိုက်ရပြီဖြစ်သလို PGL ကလည်း ယင်းတို့ကို ပိတ်ပင်သွားမှာဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

Ex-B8.TSA

Valve ရဲ့ ban ခြင်းကို ခံခဲ့ရတဲ့ ကစားသမား ၁၀ ဦးစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။
Kamil “Koma`” Biktimirov
Aslan “Paradise” Vadilov
Danil “illussion” Grzhevka
Vladislav “Imba4” Khoroltsev
Sergey “[T]SA” Timchenk
Viktor “SuperNova” Galichkin
Yaroslav “Limitless” Parshin
“keintseru”
“deihra”
“lilskrip”

ယင်းတို့ထဲမှာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရုရှားကစားသမား Koma` ဟာ Virtus Pro အသင်းရဲ့ ခေါ်ယူခြင်းကို ပူပူနွေးနွေးခံထားခဲ့ရသူဖြစ်ပြီး ကျန်ကစားသမားများကတော့ နာမည်ထင်ရှားကျော်ကြားလှသူများ မဟုတ်ကြပါဘူး။ စာရင်းမှာပါဝင်တဲ့ ကစားသမားအားလုံးဟာ ယူကရိန်းနဲ့ ရုရှားဒေသများက ဖြစ်နေကြတာကို​တော့ တွေ့ရှိခဲ့ရပါတယ်။

Ex-Alliance – Limitless

Valve အနေနဲ့ ဒီလို ban လိုက်ရတဲ့အကြောင်းအရင်းအတိအကျကို ထုတ်ဖော်ကြေညာထားခြင်းမရှိသေးပေမယ့် ယခင်တည်းက DPC ရာသီအစပိုင်းများမှာ လုပ်ပွဲကစားသူများနဲ့ အကောင့်မျှဝေ အသုံးပြုသူများ ပေါ်ထွက်လာလေ့ရှိကြောင်း လေ့လာသူများက ဆိုကြပါတယ်။ ဒါကြောင့် ဒီကစားသမားများထဲက အချို့ဟာ qualifier ပွဲစဉ်များကို အနိုင်ရရေးအတွက် အခြားသူရဲ့အကောင့်ကိုယူပြီး ကစားပေးခဲ့ကြသူများ သို့မဟုတ် မိမိရဲ့အကောင့်ကို အခြားသူဆီပေးပြီး ကစားစေခဲ့သူများဖြစ်နိုင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Virtus Pro အသင်းဟာ ယင်းတို့အနေနဲ့ အဖွဲ့အစည်းတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာသွားခဲ့သလို Virtus Pro ရဲ့ CEO ဖြစ်သူ Nikolay Petrosyan ကလည်း Esports ကို ထိခိုက်စေမယ့်ပြစ်ချက်လုပ်သူမှန်သမျှကို ရှုံ့ချကြောင်း ပြောသွားခဲ့ပါတယ်။ ယခုကိစ္စမတိုင်မီကလည်း Valve ဟာ လုပ်ပွဲကစားခဲ့သူတစ်ဦးဖြစ်တဲ့ တောင်အမေရိက ကစားသမား Gianluca “Migi” Mendoza ကို ရာသက်ပန် ban ကြောင်း ကြေညာခဲ့ပါတယ်။

ပရိသတ်များကတော့ Valve အနေနဲ့ ဒီလိုအရေးယူမှုတွေနဲ့ DPC အပေါ် အာရုံစိုက်တာကို လက်ခံသဘောကျ နေကြပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားသမားဘဝက အနားယူကြရတော့မယ့် သူများအတွက်လည်း စိတ်မကောင်း ဖြစ်လျက်ရှိကြပါတယ်။ Dota 2 လောကအတွင်းအပြစ်ကြီးတဲ့ အကောင့်မျှဝေအသုံးပြုမှုနဲ့ အစားဝင် ဟန်ဆောင်ကစားပေးမှုများကြောင့် ကစားသမားများ ရာသက်ပန် ban ခံခဲ့ရခြင်းအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports, yahoo news, virtus pro twitter