“Tundra Esports အသင်းရဲ့ စိတ်ပညာရှင်ပြောပြခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်း”

 

ပြီးခဲ့တဲ့လအတွင်း ကျင်းပပြီးစီးသွားခဲ့တဲ့ Dota 2 ရဲ့ TI11 ပြိုင်ပွဲကြီးကို အနိုင်ရရှိပြီး Aegis of Champions ဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့အသင်းကတော့ Tundra Esports ပါ။ Tundra Esports ဟာ TI11 ရဲ့ ဂရင်းဖိုင်နယ်မှာ Team Secret ကို ၃ – ၀ နဲ့ အပြတ်အသတ်အနိုင်ရခဲ့ရုံသာမက upper bracket တစ်လျှောက်မှာလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့လို့ ပရိသတ်များ ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။

မကြာသေးမီကတော့ Tundra Esports ရဲ့ စိတ်ပညာရှင်ဖြစ်သူ Daniel Abrahams က အသင်းအနေနဲ့ TI11 ကို အနိုင်ရရှိပြီး ဆုကြေးငွေ ဒေါ်လာ ၁၈ သန်း ဆွတ်ခူးနိုင်ရေးအတွက် နည်းပြ၊ ကစားသမားများနဲ့ အဖွဲ့ဝင်များ အားလုံးဟာ သူနဲ့အတူ ၆ လကြာအောင် မနေမနား ကြိုးပမ်းခဲ့ကြရတယ်လို့ ဆိုလာခဲ့ပါတယ်။ Daniel Abrahams ဟာ ဝါရင့်အားကစားစိတ်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး နာမည်ကျော်အားကစားစိတ်ပညာစာအုပ် ၄ အုပ်အထိ ရေးသားခဲ့ဖူးပါတယ်။

Daniel Abrahams ဟာ Tundra Esports နဲ့အတူ အလုပ်လုပ်ရာမှာ သူအသုံးချသွားခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်းကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ အဖွဲ့အစည်းက သတ်မှတ်ပေးထားတဲ့ သူ့အတွက် အဓိကတာဝန်ဟာ ရုံတွင်းပရိသတ်များနဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုသူများရှေ့မှာ ကစားသမားများ ဖိအားနည်းစွာ စွမ်းဆောင်ရည်ကောင်းများကို ပြသနိုင်စေဖို့ပါ။ အသင်းဟာ TI11 မတိုင်မီ ပြိုင်ပွဲများအတွင်းမှာ စွမ်းဆောင်ရည်နိမ့်ကျသွားလေ့ရှိတဲ့အတွက် ဒီကိစ္စကို ဦးစားပေး ဖြေရှင်းခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Daniel Abrahams ရဲ့ သုံးသပ်ချက်အရ အသင်းအနေနဲ့ ပြိုင်ပွဲများကိုအနိုင်ယူဖို့အတွက် အချင်းချင်းချိတ်ဆက်နိုင်စွမ်းနဲ့ လေ့လာသင်ယူနိုင်စွမ်းများ ပိုမိုကောင်းမွန်လာဖို့ လိုအပ်နေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဒီအချက်များ တိုးတက်စေဖို့အတွက် ဆောင်ရွက်ရမယ့်အရာများကို ဖန်တီးခဲ့တာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ Daniel Abrahams ရဲ့ အောင်နိုင်ရေးနည်းလမ်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

{Tundra Esports အတွက် Daniel Abrahams ရဲ့ အောင်နိုင်ရေးနည်းလမ်း}

ဒီနည်းလမ်းမှာ အဓိကထောက်တိုင် ၅ ခု ပါဝင်ပါတယ်။

၁။ ဦးဆောင်မှု
၂။ ပုံမှန်အချိန်ဇယား
၃။ အမူအကျင့်ကောင်းများ
၄။ စူးစိုက်စွာ လေ့ကျင့်မှု
၅။ စိတ်ဆောင်ရည်မြင့် စိတ်ဓာတ်

၁။ ဦးဆောင်မှု

အသင်းရဲ့ ဦးဆောင်သူများဟာ မိမိတို့ ချမှတ်လိုက်တဲ့ နည်းဗျူဟာနဲ့ အစီအစဉ်များကို ရှင်းလင်းစွာ သိရှိနားလည်နေရပါမယ်။ အသင်းသားများအနေနဲ့လည်း

– မိမိတို့ ဘယ်အရာအတွက် ကြိုးပမ်းနေကြတာလဲ
– ထိုအရာကို ရရှိဖို့အတွက် ဘယ်လိုလုပ်ဆောင်မလဲ
– ဘာကြောင့် ဒီလိုလုပ်ဆောင်ရတာလဲ

ဆိုတဲ့ မေးခွန်းများရဲ့ အဖြေကို သိရှိထားဖို့ လိုအပ်ပါတယ်။

နည်းပြနဲ့ အသင်းခေါင်းဆောင်တို့ရဲ့ အရေးပါမှုကို အားလုံးသဘောပေါက်နားလည်ထားဖို့လိုသလို ဦးဆောင်သူများရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ တိကျတဲ့ ညွှန်ကြားချက်များ ပါဝင်ရပါမယ်။ အသင်းသားတစ်ဦးချင်းစီရဲ့ အတွေးအမြင်များကိုလည်း ဦးဆောင်သူများက လေးနက်စွာသုံးသပ်ပေးဖို့လိုပါတယ်။

ဦးဆောင်သူများဟာ နည်းဗျူဟာများ၊ နည်းပရိယာယ်များနဲ့ အစီအစဉ်များကို ရှင်းလင်းပြတ်သားစွာ၊ တိကျစွာနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ချမှတ်ဖို့အလွန်အရေးကြီးတယ်လို့ Daniel Abrahams က မြင်ပါတယ်။ ဒီနေရာမှာ ကျန်အသင်းသားများရဲ့ ပူးပေါင်းပါဝင်မှုရှိဖို့လည်း လိုအပ်ပါတယ်။

၂။ ပုံမှန်အချိန်ဇယား

အသင်းအတွက် တိကျတဲ့ ပုံမှန်အချိန်ဇယားတစ်ခုရှိဖို့ လိုပါတယ်။ အသင်းသားများအတွက် ပုံမှန်လေ့ကျင့်ချိန်ရှိဖို့ မဖြစ်မနေလိုအပ်သလို အချင်းချင်းရင်းနှီးမှုရှိလာအောင် ပြုလုပ်နိုင်မယ့်အချိန်များနဲ့ စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အနားယူချိန်များကိုလည်း အချိန်ဇယားအတွင်းထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

Esports ကစားသမားအများစုဟာ လေ့ကျင့်မှုလွန်ကဲပြီး အနားယူချိန်နည်းပါးနေလေ့ရှိတယ်လို့ Daniel Abrahams က မြင်ပါတယ်။ ပုံမှန်အချိန်ဇယားတစ်ခုကို ရေးဆွဲထားခြင်းအားဖြင့် ခြေကုန်လက်ပန်းကျမှုများကို ကာကွယ်ပေးနိုင်မှာဖြစ်သလို အသင်းသားများအချင်းချင်း ထိတွေ့ရင်းနှီးမှု ပိုမိုများပြားလာစေမှာဖြစ်ပါတယ်။

၃။ အမူအကျင့်ကောင်းများ

အသင်းသားများဟာ အသင်းရဲ့ ညီညွတ်မှုနဲ့ အတွေးအခေါ်တူညီမှုများ တိုးတက်စေနိုင်မယ့် အမူအကျင့်ကောင်းများကို တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။ အသင်းသားတစ်ဦးချင်းစီဟာ အပြောနဲ့ အလုပ်ညီသူများဖြစ်လာကြဖို့လိုသလို ကောင်းမွန်တဲ့အမူအကျင့်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းမွေးမြူကြဖို့လည်း လိုပါတယ်။

အချင်းချင်းမြိုသိပ်မထားပဲ ထုတ်ဖော်ပြောဆိုမှုများနဲ့ အကြိတ်အနယ်ဆွေးနွေးခြင်းများဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေတယ်လို့ Daniel Abrahams က မြင်ပါတယ်။ ဒါကြောင့် အသင်းသားများဟာ ဦးဆောင်မှုနောက်ကို မျက်ကန်းလိုက်နာနေတာမျိုး မလုပ်ပဲ ငြင်းခုန်ဆွေးနွေးမှုများ လုပ်ကြဖို့လိုသလို တစ်ဦးချင်းစီရဲ့ အများနဲ့မတူတဲ့ခြားနားချက်များကိုလည်း လေးစားကြဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့် အသင်းသားများမှာ ရိုးသားမှုနဲ့ အချင်းချင်းဖေးမကူညီမှုတို့လို အမူအကျင့်ကောင်းများကို ပိုင်ဆိုင်ထားပြီဆိုရင် ဆွေးနွေးမှုတိုင်းဟာ အပြုသဘောဆောင်လာမှာဖြစ်ပြီး ဒီကိစ္စများဟာ ဆက်စပ်မှုရှိပါတယ်။ ပုံမှန်အားဖြင့် ငြင်းခုန်ဆွေးနွေးမှုများဟာ သဘောထားမတိုက်ဆိုင်မှုများကို ဖြစ်စေနိုင်ပေမယ့် အမူအကျင့်ကောင်းများနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အသင်းရဲ့ မဟာဗျူဟာ ဟာ ပြတ်သားသည်ထက်ပြတ်သားလာမှာဖြစ်သလို အတွေးအခေါ်တူညီမှုတွေလည်း များသည်ထက်များလာမှာပဲဖြစ်ပါတယ်။

၄။ စူးစိုက်စွာ လေ့ကျင့်မှု

အသင်းသားများအနေနဲ့ Esports လောကအတွင်း pub သို့မဟုတ် scrim လို့ ခေါ်ဝေါ်ကြတဲ့ လေ့ကျင့်မှုများမှာ ပေါ့ပေါ့တန်တန်မပြုလုပ်ကြပဲ အာရုံစူးစိုက်မှုအပြည့်ရှိဖို့ လိုအပ်သလို လေ့ကျင့်မှုများကို သေချာစွာ သုံးသပ်ကြဖို့လည်း လိုပါတယ်။ လေ့ကျင့်မှုတိုင်းကို မိမိနဲ့ အသင်းရဲ့ အရည်အသွေးတိုးတက်မှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကြရမှာလည်းဖြစ်ပါတယ်။

ကမ္ဘာကျော် စိတ်ပညာရှင်တစ်ဦးဖြစ်သူ Anders Ericsson ရဲ့ အယူအဆများကို Daniel Abrahams က လက်ခံထားပြီး ပန်းတိုင်ကို ဦးတည်တဲ့ လေ့ကျင့်မှုဟာ လွန်စွာအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီနည်းနဲ့ပဲ အသင်းကို ပြိုင်ပွဲအတွင်း အသုံးပြုမယ့် နည်းဗျူဟာများ စမ်းသပ်လေ့ကျင့်စေခဲ့ပါတယ်။

၅။ စွမ်းဆောင်ရည်မြင့် စိတ်ဓာတ်

အသင်းသားများအနေနဲ့ ပြိုင်ပွဲဝင်ချိန်မှာ စွမ်းဆောင်ရည်မြင့် စိတ်ဓာတ်များရှိနေကြဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ အသင်းတိုင်းအတွက် ထိပ်ဆုံးဦးစားပေးရမယ့်အရာဖြစ်တယ်လို့ Daniel Abrahams က မြင်ပြီး အသင်းသားများဟာ မိမိတို့မှာ စွမ်းဆောင်ရည်နိမ့်စေမယ့် စိတ်ဓာတ်ရှိမနေအောင် ဂရုစိုက်ကြရမှာပါ။ စွမ်းဆောင်ရည်မြင့် စိတ်ဓာတ်ဟာ အသင်းသားများကို ဖိအားဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒီအတွက် အသင်းသားတစ်ဦးချင်းစီဟာ ပြိုင်ပွဲမဝင်ခင်တည်းက စွမ်းဆောင်ရည်မြင့် စိတ်ဓာတ်များကို ကြိုတင်တည်ဆောက်ထားကြရမှာပါ။ အသင်းသားတစ်ဦးအနေနဲ့

– မိမိရဲ့ အာရုံစူးစိုက်မှု ပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲ (ဖိအားကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလုပ်ဆောင်သင့်လဲ)
– သင့်တော်တဲ့ တွန်းအားရှိနေအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ (ဖိအားလည်း မဖြစ်စေ ယုံကြည်မှုလွန်ကဲ​ခြင်းလည်း မဖြစ်စေအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ”
– မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင် ဘယ်လိုလုပ်ဆောင်သင့်လဲ (တွန့်ဆုတ်နေတာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်လဲ)

ဆိုတဲ့ မေးခွန်းများရဲ့ အဖြေကို ကိုယ်တိုင်သိရှိနားလည်ထားမှာသာ စွမ်းဆောင်ရည်မြင့် စိတ်ဓာတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနည်းစနစ်များဖြစ်ကြတဲ့ အာရုံလွှဲခြင်း၊ မိမိကိုယ်ကို အားပေးခြင်း၊ အဖြေထုတ်ခြင်း စတာတွေကိုလည်း အသုံးချသွားဖို့ လိုပါတယ်။

Daniel Abrahams က သူ့ရဲ့ နည်းလမ်းပြသမှုဟာ Tundra Esports ရဲ့ TI11 အနိုင်ရခြင်းမှာ အတိုင်းအတာတစ်ခုအထိသာ ပါဝင်ခဲ့တာဖြစ်ပေမယ့် အသင်းသားများအားလုံးဟာ သူပြောပြခဲ့တဲ့အရာအားလုံးကို လေးနက်စွာဆောင်ရွက်ခဲ့ကြတယ်လို့ ပြောကြားသွားခဲ့ပါသေးတယ်။ Tundra Esports အသင်းရဲ့ စိတ်ပညာရှင် Daniel Abrahams ပြောပြခဲ့တဲ့ အောင်နိုင်ရေးနည်းလမ်းအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: daniel abrahams twitter