“TI10, TI9, TI8 နဲ့ TI7 တို့ထက် ဆုကြေးငွေ လျော့နည်းဖွယ်ရှိနေတဲ့ TI11”

 

Dota 2 ပရိသတ်များ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ TI11 ပြိုင်ပွဲကြီးဟာ ယခုလအတွင်းမှာပဲ စတင်လာတော့မှာဖြစ်ပြီး last chance qualifier ကစားရမယ့် အချိန်ဟာလည်း ရက်ပိုင်းသာလိုပါတော့တယ်။ ပရိသတ်အမြောက်အများဟာ မိမိတို့ နှစ်သက်အားပေးတဲ့အသင်းများရဲ့ ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်မှုများကို တွေ့မြင်ရဖို့ လွန်စွာစိတ်လှုပ်ရှားနေကြပြီဖြစ်သလို ယခုလအကုန်မှာ ဘယ်အသင်းအနေနဲ့ ချန်ပီယံဒိုင်းဆုကြီးကို ကိုင်မြှောက်နိုင်မလဲဆိုတာကိုလည်း သိချင်စိတ်ပြင်းပြလျက်ရှိကြပါတယ်။

ဒါပေမယ့် ယခုနှစ် TI11 အတွက် ဆုကြေးငွေပမာဏကတော့ TI10, TI9, TI8 နဲ့ TI7 တို့ထက် မဖြစ်စဖူး လျော့နည်းသွားဖွယ်ရှိနေကြောင်း လက်ရှိမှာ လူအများက သုံးသပ်လာကြပါတယ်။ Valve ဟာ Dota 2 အသိုင်းအဝိုင်းအနေနဲ့ TI11 မှာ ဆုကြေးငွေပံ့ပိုးပေးနိုင်ဖို့ battle pass ထုတ်ပေးခဲ့တာ တစ်လကျော်အချိန်အတွင်းကို ရောက်ရှိလာပြီဖြစ်ပေမယ့် ဆုကြေးငွေစုဆောင်းနိုင်မှုကတော့ ယခင် TI များကို မမီပဲ နည်းပါးနေတာပဲဖြစ်ပါတယ်။

Battle pass ထွက်ရှိပြီး ရက်သတ္တပတ်ငါးပတ်ခန့် ကုန်လွန်သွားချိန်မှာ ယခုနှစ် TI11 အတွက် ဆုကြေးငွေဟာ ဒေါ်လာ ၁၃.၁၆ သန်းသာ ရှိသေးပေမယ့် ဒီလိုအချိန်မှာ TI10 တုန်းကတော့ ၂၃.၅၁ သန်းအထိ ရရှိခဲ့ဖူးသလို TI9, TI8 နဲ့ TI 7 တို့မှာလည်း ၁၇.၆၀ သန်း၊ ၁၃.၈၅ သန်းနဲ့ ၁၃.၈၈ သန်းစီ အသီးသီးရရှိခဲ့ဖူးပါတယ်။ Valve ဟာ TI11 မပြီးဆုံးမီ battle pass ရောင်းရငွေများရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ပြန်လည်ချီးမြှင့်သွားမှာဖြစ်ကြောင်း ကြေညာထားခဲ့တာဖြစ်လို့ Dota 2 အသိုင်းအဝိုင်းအနေနဲ့ ဆုကြေးငွေ ပိုမိုများပြားလာအောင်လုပ်ဖို့ အချိန် တစ်လခန့်သာကျန်ရှိတာလည်းဖြစ်ပါတယ်။

ဒါကြောင့် TI10, TI9, TI8 နဲ့ TI7 တို့အတွက် အပြီးသတ်ချီးမြှင့်နိုင်ခဲ့တဲ့ ဆုကြေငွေများကို ယခုနှစ် TI11 မှာ မမီနိုင်တော့ကြောင်း လူအများက ခန့်မှန်းလာကြတာပါ။ TI ဆုကြေးငွေပမာဏများဟာ တစ်နှစ်ထက်တစ်နှစ် များပြားလာလေ့သာရှိပြီး လျော့ကျသွားမှု မရှိခဲ့ဖူးတာကြောင့် ယခုနှစ် TI11 ဟာ ထူးခြားစွာ ခေတ်နောက်ပြန်ဆွဲသွားဖို့ အလားအလာရှိနေတာလည်းဖြစ်ပါတယ်။

TI11 ဆုကြေးငွေ လျော့ကျရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ယခုနှစ် battle pass အပေါ် စိတ်ဝင်စားသူနည်းပါးလို့ဖြစ်ကြောင်း လူအများက ထင်ကြေးပေးပြောဆိုနေကြပါတယ်။ အထူးသဖြင့် battle pass အတွင်းမှာ Razor arcana နဲ့ Crystal Maiden persona အပါအဝင် feature အမြောက်အများ မထွက်ပေါ်လာသေးတာကြောင့် Dota 2 အသိုင်းအဝိုင်းကို ထင်သလောက်မဆွဲဆောင်နိုင်သေးတာဖြစ်နိုင်ပါတယ်။

TI11 နဲ့ ပတ်သက်လို့ Dota 2 အသိုင်းအဝိုင်းရဲ့ မကျေနပ်ချက်များဖြစ်ပေါ်ခဲ့မှုကလည်း ပြိုင်ပွဲဆုကြေးငွေကို လျော့ကျစေတဲ့အကြောင်းအရင်းတစ်ခုပါ။ TI11 အတွက် PGL အဖွဲ့အစည်းက လောင်းကစားစပွန်ဆာလက်ခံခဲ့မှု၊ အုပ်စုအဆင့်အတွက် talent များကို နိုင်ငံခြားကနေ ပွဲကြေညာစေမှု၊ talent voice line များကို capsule စနစ်နဲ့ gacha ဆန်စွာ ထုတ်ပေးခဲ့မှု စတဲ့ကိစ္စတွေမှာ Dota 2 အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများပေါ်ပေါက်ခဲ့ပြီး Valve အပေါ်အပြစ်တင်မှုများရှိခဲ့ဖူးပါတယ်။

Steam chart ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Dota 2 ကစားသူအရေအတွက်ကတော့ များပြားနေဆဲဖြစ်လို့ battle pass သာ ရောင်းအားကျနေတာဖြစ်ကြောင်းလည်း ကောက်ချက်ချနိုင်ပါတယ်။ TI11 မပြီးဆုံးမီမှာ ဆုကြေးငွေပမာဏ ဘယ်လောက်ထိထပ်မံရရှိလာနိုင်ဦးမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

ref: dota 2 prize pool tracker, dota 2 steam charts, gosugamers, jaxon, afkgaming