“Aui_2000 ပြောပြခဲ့တဲ့ TI11 အကြောင်း (ပထမပိုင်း)”

 

ယခုနှစ်အတွင်းကျင်းပပြီးစီးသွားခဲ့တဲ့ TI11 ပြိုင်ပွဲကြီးမှာ ဥရောပအသင်းတစ်သင်းဖြစ်တဲ့ Tundra Esports ကကျန်အသင်းအားလုံးကို အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့တာကို Dota 2 ပရိသတ်များ သိရှိခဲ့ကြပြီးဖြစ်မှာပါ။ ဒီလို ဗိုလ်စွဲသွားခဲ့တာကြောင့် Tundra Esports အသင်းရဲ့ နည်းပြဖြစ်သူ Kurtis Daniel “Aui_2000” Ling ဟာလည်း TI ၂ ခုကို ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ပထမဆုံးအနိုင်ယူနိုင်ခဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာတော့ Aui_2000 ဟာ သူ့ရဲ့ TI11 အတွေ့အကြုံများကို twitter medium ဝက်ဘ် စာမျက်နှာ တစ်ခုပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ Aui_2000 ရဲ့ ရေးသားချက်များအတွင်းက စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာများကို အောက်မှာဆက်လက်ဖော်ပြပေးသွားပါမယ်။

TI အတွက် လေ့ကျင့်ရေးစခန်းနဲ့ Bleed Esports အဆောက်အဦး

TI အတွက် လေ့ကျင့်ရေးစခန်းဝင်ဖို့ ကျွန်တော်တို့ဟာ စင်ကာပူနဲ့ ထိုင်း ၂ နိုင်ငံထဲက တစ်ခုကို ရွေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ 33 က အစ္စရေးပတ်စ်ပို့ ကိုင်ဆောင် ထားတာကြောင့် မလေးရှားကိုသွားဖို့ အဆင်မပြေခဲ့လို့ပါ။ ထိုင်းနိုင်ငံရဲ့ အားနည်းချက်တွေက အင်တာနက်ကော်နက်ရှင်မတည်ငြိမ်တာနဲ့ ping မြင့်နေလေ့ ရှိတာတွေဖြစ်ပြီး စင်ကာပူရဲ့အားနည်းချက်ကတော့ စရိတ်စကကြီးမြင့်လွန်းတာပါ။

အဖွဲ့အစည်းကတော့ နောက်ပိုင်းမှာ စင်ကာပူကိုပဲသွားဖို့ ရွေးချယ်ခဲ့ပြီး ဒီလိုလုပ်တာ မှန်ကန်သွားခဲ့သလို အဲဒီမှာလေ့ကျင့်ရေးစခန်းဝင်ရတဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံကလည်း အရမ်းကောင်းမွန်ခဲ့ပါတယ်။ ပြဿနာတစ်ခုရှိခဲ့တာက ကျွန်တော်တို့ စင်ကာပူကို စရောက်ချိန်မှာ လေ့ကျင့်ရေးစခန်းလုပ်မယ်လို့ တွေးထားခဲ့တဲ့ ဟိုတယ်မှာအဆင်မပြေခဲ့တာပါ။ ကျွန်တော်တို့ရခဲ့တဲ့အခန်းဘေးမှာ ဟိုတယ်ရဲ့ လုပ်ငန်းသုံးအဲကွန်းကြီးရှိနေပြီး အဲဒီကထွက်တဲ့ဆူညံသံတွေကြောင့် ဂိမ်းကစားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အစပိုင်းတော့ ကျွန်တော်လည်း အတော်လေးပျာယာခတ်သွားမိပါတယ်။ အဖွဲ့အစည်းကတော့ ရိုးရိုးရှင်းရှင်းပဲတခြားနေရာရှာဖို့ စီစဉ်ခိုင်းခဲ့ပြီး အဲဒီမှာပဲ ကျွန်တော့်ရဲ့ pro ဘဝ ၁၁ နှစ်တာကာလအတွင်း အကောင်းဆုံးလေ့ကျင့်ရေးစခန်းလို့ဆိုနိုင်မယ့်နေရာကို ရောက်သွားခဲ့ပါတယ်။

Bleed Esports Camp

အဲဒီနေရာကတော့ စင်ကာပူမှာရှိတဲ့ Bleed Esports ရဲ့ အဆောက်အဦးပါ။ သူတို့ကို ကြည့်ရတာ အဲဒီအချိန်မှာ လာမယ့် season အတွက် Dota အသင်းဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပြီး အရှေ့တောင်အာရှအသင်းတစ်သင်းအနေနဲ့ တွေ့လာရမယ့်ကိစ္စကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူတို့ရဲ့နေရာက အတော်လေးကျယ်ဝန်းပြီးအစားအသောက်ရနိုင်မယ့်နေရာတွေနဲ့ နီးသလို ပတ်ဝန်းကျင်အနေအထားကလည်း လမ်းလျှောက်ထွက်ဖို့အဆင်ပြေပါတယ်။

အထဲမှာ ကစားသမားတွေ ထိုင်ပြီးနားလို့ရတဲ့ ဆိုဖာတွေနဲ့ ဧည့်ခန်းလိုနေရာလည်းရှိပြီး Dota ကစားဖို့အတင်းအကြပ်စေခိုင်းခံနေရတဲ့နေရာတစ်ခုလိုမျိုးဖြစ်မနေပါဘူး။ Dota2 လေ့ကျင့်ရေးစခန်းတိုင်းမှာ အနည်းနဲ့အများဆိုသလို ပြဿနာလေးတွေရှိတတ်ပေမယ့် နေရာကောင်းလေးတွေဟာ အာရုံစိုက်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးပွားဖို့ အထောက်အကူဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

ပြဿနာတွေကပေးတဲ့ တိုးတက်မှုကို ကျွန်​တော်သဘောကျပါတယ်။ လူအတော်များများက ပြဿနာတွေကိုသဘောမကျတတ်ပေမယ့် ဒါတွေဟာ ပြောင်းလဲတိုးတက်မှုတွေဖြစ်လာစေမယ့် တွန်းအားတွေပါ။ ကျွန်တော်တို့တစ်သင်းလုံးအနေနဲ့ ပြဿနာတွေနဲ့ အရှုံးတွေကို ရှောင်ကြဉ်ရမယ့်အရာတွေလို့ မတွေးပဲ ဖြတ်သန်းရမယ့်ခရီးရဲ့အစိတ်အပိုင်းတွေလို့ တွေးတတ်အောင်လည်း စိတ်ကို ပြောင်းလဲထားခဲ့ကြပြီးသားပါ။

စခန်းသွင်းလေ့ကျင့်မှုအဆုံးသတ်ခါနီးမှာ ခက်ခဲတဲ့နေ့ရက်တွေကို ကြုံခဲ့ရသေးပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက သင်ခန်းစာ တွေလည်းယူနိုင်ခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့နေ့ရက်တွေနဲ့အသင်းတွင်းဆွေးနွေးပြောဆိုမှုတွေသာမရှိခဲ့ရင် TI11 မှာ ကျွန်တော်တို့အသင်းဟာ အားကောင်းတဲ့ပုံစံ ဘယ်လိုမှဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

လေ့ကျင့်ရေးစခန်းမှာ ပုံမှန်တစ်နေ့တာ ဖြတ်သန်းခဲ့ပုံကတော့ ​ဒီလိုပါ။ မနက်ပိုင်းအိပ်ရာထရင် ကျွန်တော်တို့ ၆ယောက် ဆုံကြတယ်။ တချို့က ဟိုတယ်က မနက်စာကို စားကြပြီး ဉာဏ်ကောင်းတဲ့သူတွေကတော့ Hawker (Food Court) ဆိုင်မှာ ကြက်ဆီထမင်းလိုမျိုး မနက်စာကို သွားဝယ်စားကြပါတယ်။ နောက်ပိုင်းတော့ Food Court မှာ ဝယ်စားသူတွေပဲ များလာပါတယ်။ မနက်စာစားပြီးတာနဲ့ လေ့ကျင့်ရေးစခန်းနေရာကို သွားပြီး pub ပွဲတွေကစားကြတယ်။ ပြီးရင် အတူတူလမ်းလျှောက်ထွက်ပြီး ပြန်လာရင်တော့ လက်စမ်းပွဲတွေ ဆက်ကစားတယ်။

လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ပြီးရင်ပဲဖြစ်ဖြစ် ဒီနေ့လက်ရည်စမ်းပွဲတွေမှာ ဘာကိုအဓိကထားပြီးလုပ်သွားမယ်ဆိုတာနဲ့ အလုပ်ဖြစ်အောင်စမ်းကြည့်ချင်တဲ့အတွေးအခေါ်တွေအကြောင်း ပြောကြတယ်။ အဲဒီတုန်းက တစ်နေ့ကို လက်ရည်စမ်းပွဲ ၂ ကြိမ် ၃ ကြိမ်လောက် ကစားဖြစ်ခဲ့ပြီး တစ်ဦးချင်းစီ ပိုမိုတိုးတက်ရေးနဲ့ pub ပွဲများများကစားရေးတို့ကို အလေးပေးလုပ်ဆောင်ခဲ့ပါတယ်။

အားလုံးပြီးရင် ဟိုတယ်ကို တက္ကစီနဲ့ ပြန်လာကြပြီး ဉာဏ်ကောင်းတဲ့သူတွေကတော့ Food Court ကို ထပ်သွားကြတယ်။ အသင်းလိုက်လုပ်ဆောင်မှုတွေအနေနဲ့ ကတ်ဂိမ်းကစားတာမျိုးတွေရှိခဲ့ပြီး စိတ်အနားပေးဖို့ တစ်ပတ်ကိုအားလပ်ရက်တစ်ရက်စီလည်း သတ်မှတ်ထားခဲ့ပါတယ်။

ကျွန်တော်ကတော့ စင်ကာပူနိုင်ငံကို အတော်လေးသဘောကျပါတယ်။ ပြောခဲ့သလိုပဲ ကျွန်တော် အဲဒီမှာနေခဲ့ချိန်တုန်းက မနက်ရော ညရော ဟိုတယ်နားက Food Court မှာပဲ ကြက်ဆီထမင်းနဲ့ တခြားစားစရာတွေ ဝယ်စားဖြစ်ခဲ့ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး အရသာလည်းကောင်းလို့ပါ။ ဒီ TI မှာ ရွေးချယ်လို့ရတဲ့ စားစရာကောင်းတွေရှိခဲ့ပေမယ့် ပြိုင်ပွဲချိန်မှာတုန်းကလည်း စျေးဆိုင်တန်းဘက်ကိုသွားပြီး စျေးတန်သလို အရသာလည်းရှိတဲ့ ကြက်ဆီထမင်းနဲ့ ငရုတ်ကောင်း အမဲသားတွေပဲ ဝယ်စားဖြစ်ခဲ့ပါတယ်။

စင်ကာပူမှာ အရာရာတိုင်းက အရမ်းသန့်ရှင်းနေပြီး လူတွေကလည်း အတော်ဖော်ရွေကြပါတယ်။ စင်ကာပူရဲ့အဓိကအားနည်းချက်ကတော့ ရာသီဥတုဖြစ်ပြီး အတော်ပူပေမယ့် စိုစွတ်တယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ခြုံငုံသုံးသပ်ရရင် စင်ကာပူဟာ ကျွန်တော်အကြိုက်ဆုံး Esports နေရာတစ်ခုပါ။ အဲဒီမှာ LAN ပွဲတက်ရောက်ရတာကျွန်တော့်အတွက် ပထမဆုံးဖြစ်သလို နောက်ပိုင်း စင်ကာပူမှာ တစ်နှစ် နှစ်နှစ်လောက် သွားနေချင်စိတ်လည်း ဖြစ်မိပါတယ်။

TI11 ပြိုင်ပွဲ

Reddit မှာ ဖတ်ကြည့်ရသလောက် ဒီ TI မှာ ကြည့်ရှုသူတွေ သိပ်အဆင်မပြေခဲ့ဘူးလို့ ဆိုနေကြပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်မကြုံခဲ့ရလို့ မပြောတတ်ပါဘူး။ ကျွန်တော့်အမြင်အရတော့ ဒီ TI မှာ ကစားသမားတွေကိုဆက်ဆံပုံအတော်ကောင်းပြီး အဆင်ပြေခဲ့ပါတယ်။ အကောင်းဆုံးဆန်းသစ်မှုကတော့ playoff ကို စီစဉ်ထားတဲ့ပုံစံဖြစ်ပြီး ရက်အတော်များများသက်သာသွားစေခဲ့ပါတယ်။

ကျွန်​တော်ကြုံဖူးတဲ့ ပွဲအများစုမှာ BO3 ၄ ကြိမ်ပါတဲ့နေ့တွေဆိုရင် အချိန်အရမ်းကြာတတ်လို့ အသင်းတွေအတွက်အိပ်ချိန်နဲ့ ပြင်ဆင်ချိန်နည်းပါးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီ TI မှာ အချိန်ဇယားအားနည်းချက်ဆိုတာမရှိသလောက်ဖြစ်ခဲ့ပြီး အိပ်ချိန်မရတာတွေ အမြန်ပြင်ဆင်ရတာမျိုးတွေလည်း မရှိခဲ့ပါဘူး။ တစ်လလုံးမှာ ကစားသမားတွေဆီက စောဒကတက်တာ တစ်ခုမှ မကြားခဲ့ရသလို ကျွန်တော်ကိုယ်တိုင်ကလည်း နည်းနည်းအဆင်မပြေတာနဲ့စောဒကတက်တတ်သူမျိုးပါ။ ဒီ TI မှာ ကစားသမားတွေအတွက် အဆင်ပြေပြီး ပွဲကျင်းပရာမှာ ချောမွေ့သွားစေတဲ့အချက်တွေကို ဆက်ပြောပြပါဦးမယ်။

TI11 Player Hotel Room (From Dubu’s Youtube)

TI တွေဟာ ကစားသမားတွေကို ဆက်ဆံပုံ စံတင်လောက်တဲ့ ပြိုင်ပွဲတွေချည်းပါ။ ရနိုင်တဲ့ အစားအသောက်နဲ့ပတ်ဝန်းကျင်တွေက အမြဲကောင်းမွန်လေ့ရှိပါတယ်။ ဒီ TI မှာလည်း အစားအသောက်တွေက တစ်လလုံးအဆင်ပြေနေခဲ့ပြီး ပြိုင်ပွဲအများစုမှာ ဒီလိုဖြစ်နိုင်ဖို့ဆိုတာ ရှားပါတယ်။ ဟိုတယ်ကလည်း အတော်ကောင်းပါတယ်။ လေ့ကျင့်ရေးအခန်းတွေကလည်း ပြည့်စုံမှုရှိပြီး ပွဲအပြီး After ပါတီတွေကလည်း ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်ဆိုအမူးလွန်ပြီး ကာရာအိုကေဆိုလို့ရတာတောင် မသိခဲ့လောက်အောင်ပါပဲ။

တစ်နေရာနဲ့ တစ်နေရာပို့ဆောင်ရေးတွေကလည်း အသုံးပြုရလွယ်ကူပြီး အဆင်သင့်ဖြစ်နေလေ့ရှိပါတယ်။ ပွဲချိန်ရက်တိုတောင်းတဲ့အတွက် အချိန်ကုန်သက်သာတာကို ဒီနေရာမှာ ထပ်ပြောချင်သေးသလို ပြိုင်ပွဲတွင်းကြုံရတဲ့အခက်အခဲ တင်ပြလိုက်တာနဲ့ ချက်ချင်းဖြေရှင်းပေးတာမျိုးတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဥပမာ ပထမဆုံးရက်မှာ လေ့ကျင့်ရေးအခန်းက အရမ်းပူနေတယ်လို့ Valve ကို ပြောလိုက်တာနဲ့ ချက်ချင်းအဲကွန်းလာတပ်ပေးတာမျိုး၊ scan နဲ့ Mirana ulti ကို ကြားရတဲ့ ပြဿနာရှိနေတယ်လို့ ပြောလိုက်တာနဲ့ အဲဒါကို ပြင်ဆင်ပေးတဲ့ patch နောက်နေ့ထွက်လာတာမျိုးတွေပါ။ မီဒီယာတွေကိုလည်း အနားယူချိန်မှာ စုပြုံရိုက်ကူးနိုင်အောင် ပြင်ဆင်ပေးထားပြီး ဒါက ကစားသမားတွေအတွက် အဆင်ပြေစေပါတယ်။ ထွက်လာတဲ့ content တွေကို ကြည့်ရတာလည်း အရမ်းကို အရည်အသွေးမြင့်မားပါတယ်။

ဖျားနာသွားတဲ့ ကစားသမားတွေအတွက် ကိုဗစ်သီးသန့်အခန်းတွေ ထားပေးခဲ့သလို ဖိုင်နယ်ပွဲစဉ်တွေ မကစားရခင်နောက်ဆုံးအချိန်ထိ ကျွန်တော်တို့ဆီက လေ့ကျင့်ရေးအခန်း မသိမ်းသွားခဲ့တာကိုလည်း ကျေးဇူးတင်မိပါတယ်။ ပုံမှန်ပြင်ဆင်မှုတွေဖြစ်တဲ့ gear လဲလို့ရတာတွေ၊ မော်နီတာနဲ့ စားပွဲခုံကို ကောင်းကောင်း ဆင်ပေးထားတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲအတွင်းက ကျွန်တော်ထောက်ပြချင်တဲ့ အားနည်းချက်တွေလည်းရှိပါသေးတယ်။ အဲဒါတွေကတော့ playoff ပထမဆုံးရက်၊ အဝေးက ပွဲကြေညာခြင်းနဲ့ ပွဲနားချိန်တွေအကြောင်းပါ။

(ဆက်ပါဦးမည်)

source: aui_2000 medium