“Aui_2000 ပြောပြခဲ့တဲ့ TI11 အကြောင်း (ဒုတိယပိုင်း)”

 

TI11 ရဲ့ playoff ပထမဆုံးရက်မှာ ကစားခဲ့ရတဲ့အသင်းတွေဟာ caster တွေကြေညာတဲ့အသံတွေကိုရော ဂိမ်းပွဲပြန်ပြနေတဲ့အသံတွေကိုရော ​ကစားရင်းကြားနေခဲ့ရလို့ အဆင်မပြေဖြစ်ခဲ့ကြပြီး ကျွန်တော်တို့ကတော့ ကံကောင်းစွာနဲ့ပဲ အဲဒီနေ့မှာ အနားရခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် in-ears နားကြပ်တွေ၊ အသံလုံ headset တွေနဲ့ အသံထိန်းညှိတာမျိုးတွေလုပ်ပြီး ဒီပြဿနာကို အမြန်ဖြေရှင်းလို့ရရဲ့သားနဲ့ ဘာလို့ကြာနေခဲ့လဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ အဲဒီကိစ္စနဲ့ယှဉ်ရင် တခြားပြဿနာတွေတုန်းက ဖြေရှင်းတာ အရမ်းမြန်ခဲ့ပါတယ်။

ပွဲထဲက ကစားသမားတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ကြီးကြပ်သူတွေ ပြန်သိနိုင်မယ့်စနစ် ပိုကောင်းအောင် ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲထဲမှာ ဂိမ်းတွင်း true sight တွေ အပြင်ကို ချပြတာကိုလည်း ကျွန်တော်အံ့သြမိပါတယ်။ တစ်ချို့ကတော့ ဒါဟာ မသင့်လျှော်ဘူးလို့ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီီလိုလုပ်တာ ထူးခြားဆန်းသစ်တယ်လို့မြင်ပြီး အနာဂတ်မှာ ဒါနဲ့ပတ်သက်လို့ ပိုတိုးတက်လာစေချင်မိပါတယ်။

ဒီလိုဖြစ်ဖို့က ခက်တော့ခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ အသင်းသားအချင်းချင်းပြောလိုက်တဲ့စကားတွေထဲက လူစိတ်အဝင်စားဆုံးအရာတွေဟာ အသင်းတွေအနေနဲ့ အပြင်လူတွေကို ပေးမသိစေချင်ဆုံးအရာတွေ ဖြစ်နေတတ်လို့ပါ။ အသင်းသားအချင်းချင်းပြောဆိုဆက်ဆံမှုဆိုတာ Dota မှာ အလွန် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ တခြားအသင်းတွေဆီက စကားအစအနလေးတွေ ပြန်ကြားရတာကို သဘောကျပါတယ်။ ဒါကို သဘောမကျတဲ့သူတွေလည်း အတော်များပါတယ်။

နောက်ထပ်ထောက်ပြချင်တဲ့ အားနည်းချက်ကတော့ အဝေးကနေ ပွဲကြေညာခြင်းအကြောင်းပါ။ သမားရိုးကျအားကစားပွဲမျိုးတွေမှာဆိုရင်တော့ ဒါက ဆိုးရွားတဲ့ကိစ္စတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ ကျွန်တော်ထင်တာကတော့ ပွဲကို ဘာသာစကား ၅ မျိုးနဲ့ ထုတ်လွှင့်ဖို့အစီအစဉ်ရှိပေမယ့် ကျင်းပတဲ့နေရာမှာ ဒီ ၅ မျိုးလုံးကို နေရာအညီအမျှပေးစရာမရှိလို့ အဝေးကိုပို့လိုက်ရတာဖြစ်နိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာဖို့ဆိုရင်လည်း နော်ဝေနိုင်ငံအထိ ပိုလိမ့်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။

ဒီနေရာမှာ သမားရိုးကျအားကစားနဲ့ Dota မတူတဲ့အချက်တွေရှိတဲ့အကြောင်း ထောက်ပြချင်ပါတယ်။ အကြီးဆုံးအချက်ကတော့ Dota မှာ ကစားသမားတွေနဲ့ နည်းပြတွေကိုယ်တိုင် analyst panel ပေါ်တက်ပြီး ပွဲကိုဝင်ရောက်သုံးသပ်ကြလေ့ရှိတာပါ။ ဒီအချက်ရှိနေတာ အရမ်းစိတ်ဝင်စားဖို့ကောင်းသလို ပြိုင်ပွဲရဲ့ နောက်ခံကျောရိုးကိုလည်း ပိုမိုခိုင်မာလာစေပြီး အဆင့်မြင့်သုံးသပ်ချက်တွေကို ကြားရစေနိုင်ပါတယ်။

Draft panel နဲ့ယှဉ်ရင် analyst panel ဟာ ကစားသမားတွေရဲ့အနေအထားနဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို ကြားရဖို့ အခွင့်အရေးပိုများတဲ့နေရာလည်းဖြစ်ပြီး ဒါတွေကို ပရိသတ်က သိမြင်အားပေးလိုကြသလို ပွဲတွေအကြောင်း ပိုပြီးနက်ရှိိုင်းစွာလည်း နားလည်သဘောပေါက်သွားစေပါတယ်။ ဥပမာအားဖြင့် Arlington မေဂျာမှာ Stormstormer ဟာ ပြိုင်ပွဲကျင်းပပုံနဲ့ ကြည့်ရှုမှုအနေအထား ပိုကောင်းအောင် ​ပြောပြပေးနိုင်ခဲ့တာမျိုးပါ။

နောက်တစ်ချက်က panel သမားတွေအနေနဲ့ caster တွေနဲ့ ကစားသမားတွေကို စကားပြောဖြစ်လေ သူတို့ရဲ့ သုံးသပ်ချက်နဲ့ ပြိုင်ပွဲအကြောင်း ဆက်စပ်ပေးနိုင်မှုတွေ ကောင်းလာလေ ဖြစ်လာနိုင်တာပါ။ ပြီးတော့ ပရိသတ်တွေအနေနဲ့ ပွဲကြေညာသူတွေအကုန်လုံးကို ပြိုင်ပွဲကျင်းပတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျမြင်ချင်စိတ်ရှိနေကြမယ်လို့ ကျွန်တော်ထင်သလို ဒါဟာ အပြင်မှာ content ကောင်းတွေထွက်ပေါ်လာစေဖို့လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ TI ဆိုတာ တစ်နှစ်ကိုတစ်ကြိမ် စုံစုံညီညီတွေ့ဆုံပြီး ဆင်နွှဲကြတဲ့ပွဲကြီးတွေပဲဆိုတဲ့အတွေးကို ကျွန်တော် တကယ်နှစ်သက်ပါတယ်။

နောက်ဆုံးထောက်ပြချင်တဲ့ အားနည်းချက်ကတော့ ပြိုင်ပွဲအလယ်က နားရက်တွေအကြောင်းပါ။ ပွဲမကျင်းပမီ နေရာပြင်ဆင်ရတဲ့ကိစ္စတွေရှိလို့ ဒီနားရက်တွေဖြစ်လာတယ်လို့ ကျွန်တော်ကတော့ နားလည်ထားပါတယ်။ ကျွန်တော့် အသိမိတ်ဆွေတွေဆီက ကြားသိထားရသလောက် သူတို့ဆိုရင် LCQ နဲ့ အုပ်စုအဆင့်ပွဲတွေအများကြီးကို ကြည့်ပြီးချိန်မှာ Dota ကို ခဏလောက်ငြီးငွေ့သွားတတ်ကြလို့ နားရက်နည်းနည်းလောက်ရှိတာလည်း ကောင်းပါတယ်။

ဒီနားရက်တွေမှာ “မှားယွင်းတဲ့အုပ်စု” နဲ့ ကစားနေရတဲ့ အသင်းတွေအနေနဲ့လည်း ပြုပြင်ဖို့အချိန်ရပါတယ်။ ဒါကိုရှင်းပြပါဦးမယ်။ TI တိုင်းမှာ meta ကို ဖော်ဆောင်တဲ့အသင်းတစ်သင်းရှိတတ်ပြီး ဥပမာပြရမယ်ဆိုရင်တော့ TI5 အတွင်းက CDEC အသင်းပါ။ အဲဒီအသင်းနဲ့ အုပ်စုတစ်ခုတည်းအတူမကစားရတဲ့ တခြားအသင်းတွေက ပြိုင်ပွဲထဲမှာ နောက်ကျကျန်နေခဲ့တတ်ပြီး နားရက်ရရင်တော့ သူတို့မှာ ပြင်ဆင်ချိန်လေးတွေရတတ်ပါတယ်။ နားရက်တွေဟာ အသင်းတွေအနေနဲ့ မီဒီယာတွေကို အချိန်ပေးလို့ကောင်းတဲ့ရက်တွေလည်းဖြစ်ပါတယ်။

ပြဿနာတစ်ခုရှိတာကတော့ ပြိုင်ပွဲအလယ်က နားရက်တွေကိုရောက်ချိန်မှာ ဖိုင်နယ်ကစားမယ့် အသင်း ၄ သင်းပဲ ကျန်တော့တာပါ။ ကစားသမားတွေနဲ့ အသင်းတွေက TI ကနေထွက်လိုက်ရပြီဆိုရင် ဂိမ်းမကစားကြတော့လို့ ကျန်တဲ့အသင်း ၄ သင်းအတွက် လက်စမ်းပွဲနဲ့ pub ကစားဖို့ လူသိပ်မကျန်တော့တဲ့ပြဿနာရှိပါတယ်။ အသင်း ၈ သင်းလောက်ကျန်တဲ့အချိန် နားရက်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေမှာဖြစ်သလို ပရိသတ်ကိုလည်း အရှိန်မြင့်နေအောင် ထိန်းထားပေးနိုင်မယ်လို့ ထင်ပါတယ်။

Arena အကျယ်ကြီးမှာ ကစားတဲ့အသင်းများလေ ပရိသတ်ရဲ့ စိတ်လှုပ်ရှားအားပေးမှုတွေများလေလည်းဖြစ်မယ်လို့ ကျွန်တော်မြင်ပါတယ်။ နားရက်တွေဟာ အရမ်းလည်း မရှည်ကြာသင့်ပါဘူး။ အသင်းတွေအနေနဲ့ တစ်သင်းနဲ့တစ်သင်းလေ့လာမှုများပြီး အရမ်းတူညီသွားနိုင်သလို လာကြည့်ရတဲ့ပရိသတ်တွေအတွက်လည်း အခက်အခဲဖြစ်စေနိုင်လို့ပါ။

TI အတွင်း အသင်းရဲ့တိုးတက်မှု

ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ Dota ကို ချောချောမွေ့မွေ့ကစားနိုင်ခဲ့သလို စိတ်အခြေအနေတွေလည်း ကောင်းမွန်ခဲ့ကြပါတယ်။ အုပ်စုပွဲစဉ်အစောပိုင်းတွေ​တုန်းကတော့ ကျွန်တော်တို့အရမ်းအခြေအနေမကောင်းခဲ့သေးပေမယ့် ဖြည်းဖြည်းချင်းတိုးတက်လာခဲ့တာကိုတော့ သဘောကျပါတယ်။ အကြိုက်ဆုံးကိစ္စကတော့ တစ်ပွဲရှုံးပြီဆိုတာနဲ့ တည်ငြိမ်အောင်ပြန်လုပ်ပြီး နောက်တစ်ပွဲကို အနိုင်ယူနိုင်တာပါ။ ဒီလိုလုပ်နိုင်တာဟာ အသင်းရဲ့စိတ်ပညာရှင် Dan နဲ့ ကစားသမားတွေအားလုံးရဲ့အားထုတ်မှုတွေကြောင့်လို့ ကျွန်တော်ကတော့ ဆိုချင်ပါတယ်။

Tundra Psychologist

ပြိုင်ပွဲအတွင်းမှာ အတွေးအခေါ်တွေအများကြီးရှိနေခဲ့ပြီး အရာအားလုံးကို ဆွေးနွေးဖို့လည်း လွယ်ကူနေခဲ့ပါတယ်။ Skiter ဆိုရင် TI ကစားရတာက ranked double down ဆော့ရတာလောက်တောင် သူ့အတွက်ဖိအားမများဘူးလို့ ပြောခဲ့ပါတယ်။ Team Aster နဲ့ ကစားတုန်းက networth 6k လောက်ပြတ်ခဲ့တဲ့အချိန်တွေနဲ့ ဂရင်းဖိုင်နယ်ပွဲစဉ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခဲ့မှုကို မြင်နိုင်ပါလိမ့်မယ်။

ပြိုင်ပွဲအတွင်းမှာ Dota နဲ့ မပတ်သက်တဲ့အဆင်မပြေမှုအနည်းငယ်လည်းရှိခဲ့ပါတယ်။ အုပ်စုအဆင့်ကစားနေချိန်မှာ ကစားသမားတစ်​ယောက် ညဘက်တွေအိပ်မပျော်လို့ ဆေးရုံသွားပြီး ဆရာဝန်ပြခဲ့ရတာမျိုးပါ။ Sney ဆိုရင်လည်း playoff အဆုံးမှာ ကိုဗစ်ဖြစ်ခဲ့ပါတယ်။ Mainstage မတိုင်မီမှာ negative ပြန်ဖြစ်သွားလို့ တော်ပါသေးတယ်။ သူ နေမကောင်း စဖြစ်တာနဲ့ mask တပ်လိုက်လို့ ကျန်တဲ့သူတွေကိုတော့မကူးသွားပါဘူး။ သူက ကိုဗစ်နဲ့ ပတ်သက်လို့ သတိအထားဆုံးသူဖြစ်ပေမယ့် ကိုဗစ်တစ်ခါမှလည်းမဖြစ်ဖူးတဲ့သူဖြစ်လို့ ကူးစက်ရလွယ်တယ်လို့ထင်မိပါတယ်။

Sney က အသင်းခေါင်းဆောင်ဖြစ်နေတော့ သူကိုဗစ်ဖြစ်သွားတာက အသင်းအပေါ်လှုပ်ခတ်မှုလည်းရှိခဲ့ပါတယ်။ နောက်ပိုင်း အသင်းသားထဲက တစ်ယောက်ယောက်မှာ နေမကောင်းသလို လက္ခဏာတွေပြလာတိုင်း ကိုဗစ်ဖြစ်တာလားဆိုပြီး တွေးမိခဲ့ကြတယ်။ Sney ကိုဗစ်ဖြစ်နေချိန်မှာ ကျွန်တော်တို့ ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့လည်း အတော်လေးခက်ခဲခဲ့တယ်။ Upper ဖိုင်နယ်ပွဲစဉ်တွေမှာ ကျွန်တော်တို့ ပြင်ဆင်ချိန်သိပ်မရခဲ့ပေမယ့် ကစားသမားတွေအတော်ကောင်းအောင် ကစားနိုင်ခဲ့တာကို စိတ်ထဲမှာ ကျေနပ်နေမိပါတယ်။

ကစားသမားတစ်ယောက်ချင်းရဲ့ season တစ်လျှောက်တိုးတက်လာပုံအကြောင်းနဲ့ပတ်သက်ပြီးလည်း ပြောပြချင်ပါသေးတယ်။ ကျွန်တော်မြင်တာကတော့ Sney နဲ့ Saksa တို့ဟာ အသင်းအခြေခိုင်ရေးအတွက် အရေးပါတဲ့ခေါင်းဆောင်တွေဖြစ်ခဲ့ကြတာပါ။ Sney ဆိုရင် သူဘယ်လိုပဲ ခံစားနေရသည်ဖြစ်စေ အသင်းရဲ့စိတ်ဓာတ်အခြေအနေကို အမြဲမြင့်နေအောင်ကြိုးပမ်းနေခဲ့ပါတယ်။ Dota မကစားဖြစ်တဲ့အချိန်တွေမှာဆိုရင်လည်း Saksa က အသင်းသားအားလုံးကိုခေါ်ပြီး စကားတွေပြောတယ်။ သူတို့နှစ်ယောက်ဟာ အတိတ်မှာရခဲ့တဲ့အတွေ့အကြုံတွေကို စုဆောင်းပြီး ကျွန်တော့်အတွက်ပါ အပိုဆောင်းအလုပ်လုပ်ပေးသွားသလို ခံစားခဲ့ရပါတယ်။

သူတို့ရဲ့ support ကစားပုံကတော့ အရမ်းကောင်းလှတယ်လို့ ပြောလို့မရပါဘူး။ အရေးကြီးတဲ့သူတွေအကြောင်းဆက်ပြောရမယ်ဆိုရင်တော့ Skiter ကနေ စရမှာပါ။ သူ့ရဲ့ Dota စွမ်းရည်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သိသိသာသာကြီးတိုးတက်လာခဲ့ပြီး တကယ်ချီးကျူးဖို့ကောင်းအောင် အစွမ်းအစရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂိမ်းနဲ့ပတ်သက်လို့ ကိုယ်တိုင်အမြဲသင်ယူနေလေ့ရှိသလို တစ်သင်းလုံးအတွက် ပိုကောင်းလာမယ့်နည်းလမ်းတွေကိုလည်း အမြဲစဉ်းစားနေလေ့ရှိပါတယ်။ ကျွန်တော်ပျင်းနေတဲ့အချိန်တွေမှာတောင် သူနဲ့အတူ lane တွေကို လိုက်ကြည့်ပြီးသုံးသပ်ဖို့ခေါ်ခဲ့သလို ကိုယ်တိုင်အသင်းဖော်ကောင်းတစ်ဦးဖြစ်လာအောင်လည်း သူ့ရဲ့စိတ်ခံစားချက်တွေကို ထိန်းညှိပြုပြင်ခဲ့ပါတယ်။

33 ကတော့ သဘောတရားပိုင်းတွေကို အရမ်းကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ အရင်က ကျွန်တော့်ကို Dota ထဲမှာ အသေးအမွှားလေးတွေကအစ သိတဲ့သူတစ်ယောက်အဖြစ် လူသိများကြပေမယ့် နောက်ပိုင်းတော့ ကျွန်တော်အသက်ကြီးသွားပြီမို့ 33 ကိုပဲ အားကိုးခဲ့ရပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ကို သူခေါ်ပြီးပြောပြတဲ့ pub ဒါမှမဟုတ် လက်စမ်းပွဲအကြောင်းတွေမှာ အရမ်းကောင်းတဲ့ နိယာမတွေ ပါနေလေ့ရှိပါတယ်။ 33 ဟာ တခြားအသင်းဖော်တွေကို ဂိမ်းရဲ့ သဘောတရားတွေနဲ့ ပတ်သက်လို့အများကြီးအကူအညီပေးခဲ့သလို ကိုယ့်ရဲ့ လုပ်ဆောင်ချက်နဲ့ ဆုံးဖြတ်ချက်တွေအပေါ်လည်း ယုံကြည်မှုရှိတဲ့သူတစ်ယောက်ပါ။ သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရမ်းကောင်းတဲ့အသင်းဖော်တစ်ဦးလည်းဖြစ်ပါတယ်။

Nine ဆိုရင်လည်း ကျွန်တော် Tundra ဆီ စရောက်တဲ့နေ့တည်းက သူ့ကို အသင်းဖော်ကောင်းတစ်ဦးအနေနဲ့ သတိထားမိခဲ့ပါတယ်။ သူက ပွင့်လင်းပြီး ကိုယ့်ကိုယ်ကိုအမြဲသုံးသပ်ပြုပြင်နေတတ်သလို သူငယ်ချင်းတွေကြားမှာလည်း အတော်တက်ကြွပါတယ်။ ကျွန်တော့်အမြင်မှာ သူဟာ မိမိကိုယ်ကိုယုံကြည်မှုရှိအောင်တော့ အတော်လေးတည်ဆောက်ခဲ့ရပြီး Dota နဲ့ ပတ်သက်တဲ့ကိုယ်ပိုင်အတွေးအမြင်ကိုလည်း ဖန်တီးယူခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့တစ်နှစ်တာအတွင်းတိုးတက်လာမှုကတော့ TI မှာ အားလုံးတွေ့မြင်ခဲ့ကြရတဲ့အတိုင်းပါပဲ။

ခြုံပြောရမယ်ဆိုရင်တော့ ကျွန်တော်နဲ့အလုပ်လုပ်ခဲ့သမျှထဲမှာ ဒီအသင်းက အကြိုးစားဆုံးပါ။ ကျွန်တော်လည်းကြိုးစားခဲ့တယ်ဆိုပေမယ့် သူတို့လောက်တော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းဟာ ပြိုင်ပွဲထဲမှာ mmr အမြင့်ဆုံးအသင်းဖြစ်တယ်လို့ထင်ပြီး တကယ်လက်တွေ့လည်း အစွမ်းပြနိုင်ခဲ့ပါတယ်။

အနာဂတ်

ကျွန်တော် နည်းပြတစ်ဦးအဖြစ် ဆက်ပြီးရပ်တည်နေဦးမယ်လို့ ထင်ပါတယ်။ Stream လည်း လွှင့်ချင်သေးပေမယ့် အတော်လေးပျင်းရိနေမိတယ်။ Tundra ရဲ့ YouTube ပေါ်မှာတော့ TI11 ဖိုင်နယ်ပွဲစဉ်တွေနဲ့ ပတ်သက်တဲ့ draft သုံးသပ်ချက်ဗီဒီယိုတစ်ခုတင်ဖို့ရှိပါတယ်။ အဆုံးအထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
*Tundra vs Team Secret | TI11 Final Draft Analysis | Game 1 ဗီဒီယိုကို Tundra Esports ရဲ့ YouTube ပေါ်မှာ သွားရောက်ကြည့်ရှုလို့ရနေပါပြီ*
(ပြီးပါပြီ)
source: aui_2000 medium