“TI10 True Sight အပေါ် Team Spirit အသင်းသားတို့ရဲ့ အမြင်များ”

 

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ Valve ဟာ ၂၀၂၁ ခုနှစ်အတွင်းကျင်းပပြီးစီးခဲ့တဲ့ TI10 အတွက် True Sight documentary ကို နှစ်စဉ်ထုတ်လွှင့်ပေးနေကျအတိုင်း ထုတ်လွှင့်ဖြန့်ချိလာခဲ့ပါတယ်။ ဒီ True Sight မှာ TI10 ဂရင်းဖိုင်နယ်အတွင်း Team Spirit နဲ့ PSG.LGD အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား​ကြတဲ့ ပွဲစဉ်များရဲ့ နောက်ကွယ်က အကြောင်းအရာများ ပါဝင်လာခဲ့ပြီး ထုံးစံအတိုင်း Dota 2 ပရိသတ်များရဲ့ နှစ်ခြိုက်စွာအားပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။

TI10 ကို အနိုင်ရရှိခဲ့ကြတဲ့ Team Spirit အသင်းသားများဟာလည်း ယင်းတို့ကိုယ်တိုင်ပါဝင်တဲ့ ဒီ True Sight ဗီဒီယိုကို စောင့်မျှော်ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ မကြာသေးမီက escorenews.com နဲ့ အင်တာဗျူးတစ်ခုအတွင်းမှာတော့ Team Spirit အသင်းသားများထဲက Illya “Yatoro” Mulyarchuk, Alexander “TORONTOTOKYO” Khertek နဲ့ Magomed “Collapse” Khalilov တို့ဟာ TI10 True Sight နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်များကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Yatoro ရဲ့ အမြင်အရ TI10 True Sight အတွင်းမှာ ကစားသမားများ ပြောဆိုဆွေးနွေးကြပုံများကို ထည့်သွင်းထားမှု နည်းပါးနေပြီး commentator များရဲ့ ကြေညာသံများသာ များပြားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းဆိုရရင်တော့ ဒီ True Sight ဟာ ကောင်းမွန်မှုရှိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

TORONTOTOKYO ကတော့ TI10 True Sight ကို သူ့ချစ်သူနဲ့အတူ ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ TORONTOTOKYO ရဲ့ အမြင်အရ ဒီ True Sight ဟာ မဆိုးလှပေမယ့် Valve အနေနဲ့ ဒီထက်ပိုကောင်းအောင် ဖန်တီးနိုင်လိမ့်မယ်လို့ ထင်မိကြောင်း၊ ဗီဒီယိုအတွင်း ကစားသမားများရဲ့ ဆွေးနွေးစကားများ ထည့်သွင်းထားမှု နည်းပါးနေကြောင်း၊ ပွဲများအတွင်း သူတို့ ပြောဆိုသွားခဲ့ကြတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေ အများကြီးရှိခဲ့ပေမယ့် မပါဝင်လာခဲ့ကြောင်း၊ ဥပမာများအနေနဲ့ Yatoro ရဲ့ smoke ရှောင်တိမ်းပုံများ၊ အသင်းရဲ့ ဆုံးဖြတ်ချက်ချပုံများ၊ နောက်ဆုံးပွဲရဲ့ ပြောင်မြောက်တဲ့ အခိုက်အတန့်များ စတာတွေဖြစ်ကြောင်း၊ ဒါတွေကို ပရိသတ်များ ကြားသိစေချင်ခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် ခြုံငုံသုံးသပ်ရရင်တော့ ဒီ True Sight ကို နှစ်သက်မှုရှိကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Collapse ကလည်း TORONTOTOKYO ရဲ့ အမြင်ကို ထောက်ခံခဲ့ပြီး TI10 True Sight အတွင်း နောက်ဆုံးပွဲကို ပြသသွားပုံဟာ အလျင်စလိုနိုင်လွန်းတယ်လို့ ဆိုပါတယ်။ ယင်းပွဲအတွင်း bottom lane မှာ battle ဆိုင်ပြီးနောက် high ground တက်ပုံနဲ့ throne ချိုးပုံတို့ဟာ True Sight အတွင်းမှာတော့ အလွန်မြန်ဆန်နေပြီး ကြားထဲမှာ အချိန် ၅ မိနစ်နဲ့ ၇ မိနစ်ကြားလောက် ပျောက်ဆုံးနေတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ TORONTOTOKYO ဟာ PSG.LGD ကစားသမား Zhao “XinQ” Zixing ကို နည်းပြဖြစ်သူ Zhang “xiao8” Ning က မျက်နှာသွားသစ်ခိုင်းတာ တွေ့ခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း ဆိုသွားခဲ့ပါသေးတယ်။ TI10 True Sight အပေါ် Team Spirit အသင်းသားတို့ရဲ့ အမြင်များကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, escorenews