“တရုတ်ကစားသမားဟောင်းကြီး ၁၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ Team Old Boys အကြောင်း တစေ့တစောင်း”

 

တရုတ် Dota 2 လောကမှာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ ကစားသမားဟောင်းကြီး ၁၀ ဦးနဲ့ ဖွဲ့စည်းထားပြီး နှစ်စဉ် DPC ပြိုင်ပွဲများကို ဝင်ရောက်ကစားလေ့မရှိတဲ့ နာမည်ကျော်အသင်းတစ်သင်းရှိပါတယ်။ ဒီအသင်းရဲ့ နာမည်ကတော့ Team Old Boys ပဲဖြစ်ပြီး ၂၀၁၄ ခုနှစ်တည်းက စတင်ထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန် Team Old Boys အတွင်းပါဝင်တဲ့ ကစားသမားဟောင်းကြီးများကတော့ Chen “Zhou” Yao, Chen “Hao” Zhihao, Gong “ZSMJ” Jian, Zhang “Mu” Pan, Jiang “YYF” Cen, Xie “DD” Bin, Huang “LongDD” Xiang, Zou “820” Yitian နဲ့ Wang “SanSheng” Zhaohui တို့ဖြစ်ကြပြီး Zhou “ZippO” Xiong က နည်းပြအဖြစ်တာဝန်ယူထားကာ ယင်းတို့အားလုံးဟာ ပြိုင်ပွဲဝင်ကစားသမားဘဝကနေ အနားယူထားကြသူများပါ။ YYF ကလွဲလို့ ကျန် Team Old Boys အသင်းသားများဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 ပြိုင်ပွဲကြီးမှာ commentator/analyst များအဖြစ် ပါဝင်ခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။

Team Old Boys အသင်းသားအများစုဟာ ခေတ်ဟောင်း Warcraft III DotA မှာတည်းက ပရိသတ်အခိုင်အမာရရှိခဲ့ကြသူများဖြစ်သလို Dota 2 ခေတ်ရောက်ရှိလာချိန်မှာလည်း TI များကို အနိုင်ရရှိခဲ့သူများ ပါဝင်ပါတယ်။ Team Old Boys အသင်းရဲ့ TI ချန်ပီယံဟောင်းကြီးများကတော့ TI2 ကို အနိုင်ရရှိခဲ့တဲ့ Zhou, YYF နဲ့ TI4 ကို အနိုင်ရရှိခဲ့တဲ့ Hao, Mu, SanSheng တို့ဖြစ်ကြပြီး ကျန်အသင်းသားများဟာလည်း ဂန္တဝင်ကစားသမားဂုဏ်ပုဒ်နဲ့ ရပ်တည်နိုင်ခဲ့ကြသူများဖြစ်ပါတယ်။ လက်ရှိအချိန် ပြိုင်ပွဲဝင်ကစားသမားအဖြစ် ရပ်တည်နေဆဲ PSG.LGD အသင်းသားဟောင်း Lu “Somnus” Yao ဟာလည်း အနားယူပြီးရင် Team Old Boys ကို ဝင်ရောက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Team Old Boys အကြောင်းနဲ့ ပတ်သက်လို့ အသင်းသားများကိုယ်တိုင် ရှင်းလင်းပြောကြားသွားခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ Dota 2 ရဲ့ တရားဝင် YouTube ချန်နယ်ပေါ်မှာ ၂၀၁၉ ခုနှစ်က ပေါ်ထွက်လာခဲ့ဖူးပါတယ်။ ယင်းဗီဒီယိုအတွင်းမှာတော့ အသင်းသားများက ယင်းတို့ဟာ တစ်ချိန်က ငယ်ရွယ်သူများဖြစ်ခဲ့ကြပေမယ့် ယခုအချိန်မှာ အသက်အရွယ်ကြီးရင့်လာကြကာ အချို့ဆိုရင် အိမ်ထောင်ကျသွားကြပြီဖြစ်ကြောင်း၊ Esports အလုပ်အကိုင်တွေ အလွန်ရှားပါးချိန် ရှေးယခင်တည်းက ယင်းတို့ဟာ သူငယ်ချင်းမိတ်ဆွေများအဖြစ် ခင်မင်လာခဲ့ကြတာဖြစ်ကြောင်း၊

နောက်ပိုင်းမှာ အသက်အရွယ်ရလာကြတဲ့အတွက် ကစားသမားဘဝအပါအဝင် Esports အလုပ်အကိုင်တိုင်းမှာ ရပ်တည်နိုင်တဲ့ အချိန်ကာလ သတ်မှတ်ချက် ရှိတယ်ဆိုတာကို နားလည်လာကြကြောင်း၊ ဒါပေမယ့် Dota 2 ကိုတော့ မစွန့်လွှတ်ချင်ခဲ့ကြကြောင်း၊ ဒါကြောင့် commentator အသင်းဖွဲ့ဖို့ တွေးမိခဲ့ကြပြီး Team Old Boys ကို တည်ထောင်ကာ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Team Old Boys အသင်းသားများဟာ လက်ရှိနေ့စဉ်ဘဝမှာ ဂိမ်း stream များကို လွှင့်လေ့ရှိသလို ယင်းတို့အတွက် အရေးအကြီးဆုံးအချက်များကတော့ Dota 2 ကို ပျော်ရွှင်စွာကစားဖို့နဲ့ ဒါကိုပဲ ဝင်ငွေရရှိနိုင်မယ့်အလုပ်တစ်ခုအဖြစ် တည်ဆောက်ထားနိုင်ဖို့တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်ကစားသမားဘဝတုန်းကတော့ အားလုံးဟာ အနိုင်လိုချင်ခဲ့ကြတဲ့အတွက် ပဋိပက္ခတွေရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ Dota 2 နဲ့ ပတ်သက်လို့ ဖျော်ဖြေရေးအတွက်သာ သဘောထားတဲ့အတွက် သက်တောင့်သက်သာရှိလှတယ်လို့လည်း ဆိုပါတယ်။

Team Old Boys အသင်းသားများဟာ stream လာရောက်ကြည့်ရှုကြသူများကို ကောင်းမွန်တဲ့ အတိတ်နေ့ရက်ဟောင်းများအကြောင်း ပြန်ပြောင်းပြောပြလေ့ရှိကြသလို ထိုစဉ်က ဂိမ်းဆိုင်မှာ သူငယ်ချင်းများနဲ့ အတူတကွဂိမ်းသွားကစားခဲ့ရင်း စနောက်ပြောဆိုနေခဲ့ပုံများကိုလည်း ပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာတော့ အားလုံးဟာ တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမဖြေရှင်းပေးရင်း မိသားစုကြီးတစ်ခုသဖွယ် ဆက်လက်ရပ်တည်နေကြကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Team Old Boys အသင်းသားများဟာ ၂၀၁၉ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ TI9 ပြိုင်ပွဲကြီးကို ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့ကြဖူးပါတယ်။

Team Old Boys အသင်းသားများ TI11 ကို commentator/analyst များအနေနဲ့ တက်ရောက်ခဲ့ကြခြင်းဟာ ယင်းတို့အနေနဲ့ တရုတ် Dota 2 ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ယခုအချိန်ထိရရှိနေဆဲဖြစ်ကြောင်း ညွှန်ပြနေသလို လာမယ့် TI များကိုလည်း ဆက်လက်တက်ရောက်လာနိုင်ခြေရှိနေပါတယ်။ ခေတ်ဟောင်း Dota ပရိသတ်များအတွက် ကောင်းမွန်တဲ့ အတိတ်နေ့ရက်ဟောင်းများကို ပြန်ပြောင်းသတိရစေနိုင်မယ့် Team Old Boys အကြောင်း တစေ့တစောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

ref: team old boys liquipedia, dota 2 youtube