“မက်ဆီကို ကြည့်ပြီး ကစားသမားဘဝကို ပြန်လာချင်စိတ်တွေပေါ်လာတယ်လို့ ဆိုခဲ့တဲ့ Somnus (Maybe)”

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ် Dota 2 ကစားသမားတစ်ဦးဖြစ်သူ Lu “Somnus” Yao ဟာ ပရိသတ်များကြားမှာ Maybe ဆိုတဲ့ အမည်နဲ့လည်း ကျော်ကြားသူဖြစ်ပြီး TI ပေါင်းများစွာကို တက်ရောက်ခဲ့ဖူးသူပါ။ သူဟာ TI8 အတွင်းမှာ PSG.LGD အသင်းနဲ့အတူ ဂရင်းဖိုင်နယ်အထိ ရောက်ရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပြီး TI ချန်ပီယံဆုနဲ့ ကပ်ခါသီခါလွဲချော်ခဲ့ရပုံများဟာ Dota 2 လောကအတွင်း အထူးထင်ရှားလှပါတယ်။

PSG.LGD အသင်းက ထွက်ခွာပြီးချိန်မှာလည်း Somnus ဟာ Elephant အသင်းနဲ့အတူ TI10 ကို တက်ရောက်နိုင်ခဲ့သလို ယခုနှစ်အတွင်းကျင်းပခဲ့တဲ့ TI11 ကိုလည်း Royal Never Give Up အသင်းနဲ့အတူ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယင်း TI များမှာတော့ အဆင့်ကောင်းစွာမရရှိနိုင်ခဲ့သလို TI11 က ထွက်ခွာရချိန်မှာ သူ့အနေနဲ့ ၇ နှစ်တာ ပြိုင်ပွဲဝင်လာခဲ့တဲ့ ကစားသမားဘဝကနေ အနားယူလိုကြောင်း အရိပ်အမြွတ်ပြောကြားခဲ့ပြီး အနားယူပြီးသား တရုတ်ကစားသမားများနဲ့ ဖွဲ့စည်းထားတဲ့ Team Old Boys ကို ဝင်ရောက်ဖို့အစီအစဉ်ရှိတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

Somnus ဟာ လတ်တလောမှာ stream များကို ပုံမှန်လွှင့်လေ့ရှိတယ်လို့ တရုတ် Dota 2 သတင်းများကို တင်လေ့ရှိတဲ့ CN Dota In A Nutshell ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။ မကြာသေးမီကတော့ သူဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနဲ့အတူအနိုင်ရရှိခဲ့တဲ့ လီယွန်နယ် မက်ဆီ (Lionel Messi) ကို ကြည့်ပြီး ကစားသမားဘဝကို ပြန်လာချင်စိတ်တွေ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။

Somnus ရဲ့ ပြောကြားချက်အရ မက်ဆီဟာ ယခုနှစ်ပိုင်းအတွင်း ကစားခဲ့တဲ့ပွဲများမှာ ရလဒ်မကောင်းဖြစ်နေခဲ့ပေမယ့် ကမ္ဘာ့ဖလားရလိုတဲ့ အိပ်မက်ကိုတော့ အသက် ၃၅ နှစ်အရွယ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဒါဟာ သူ့အတွက် အားကျအတုယူဖွယ်တစ်ခုဖြစ်သလို ကစားသမားဘဝနဲ့ ပြိုင်ပွဲပြန်ဝင်လိုစိတ်တွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ မက်ဆီဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူဘောလုံးသမားဘဝက အနားမယူခင် နောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သွားနိုင်ကြောင်း ဘောလုံးပရိသတ်များက ထင်ကြေးပေးပြောဆိုနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် Somnus က သူ့အနေနဲ့ stream လွှင့်နေရင်း ဟာသပြုလုပ်တာကိုလည်း ရပ်တန့်တော့မယ် ဆိုပါတယ်။ သူ့ကို လှောင်ပြောင် စော်ကားသူတွေ များလာတဲ့အတွက် ဒီလိုဆုံးဖြတ်လိုက်ရတာဖြစ်ပြီး တည်ငြိမ်တဲ့ပုံစံနဲ့ပဲ stream လွှင့်တော့မှာဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ၂၀၂၃ DPC ရာသီအတွက် winter tour ကို ဝင်ရောက်ခွင့်ပိတ်သွားပြီဖြစ်လို့ Somnus အနေနဲ့ ဒီ tour ပြီးစီးတဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိတော့ stream ဆက်လွှင့်နေဦးမယ်လို့ ယူဆရပါတယ်။ လတ်တလောမှာ Somnus ဟာ Royal Never Give Up အသင်းဖော်တစ်ဦးဖြစ်သူ Hu “kaka” Liangzhi ကို အတူတကွ အသင်းသစ်ရှာကြဖို့ stream အတွင်းမှာ ပြောခဲ့တဲ့အတွက် သူ့ကို ပြိုင်ပွဲဝင်ကစားသမားအဖြစ် ပြန်လည်မြင်တွေ့ရဖို့ကိစ္စဟာ သေချာသလောက်ရှိပါတယ်။

ယခုလအစပိုင်းတုန်းကတော့ Somnus ဟာ TI8 အတွင်းက PSG.LGD လူစာရင်းမှာ Aegis of Champions ကြီးကို ကိုင်မြှောက်ဖို့ အရည်အသွေးရှိကြောင်း ယုံကြည်ခဲ့ပေမယ့် OG အသင်းအနိုင်ရသွားခဲ့တဲ့ ကံကြမ္မာကိုလည်း လက်ခံတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် လူတိုင်းဟာ အတိတ်မှာရရှိခဲ့တဲ့ အောင်မြင်မှုများကြားမှာ ပိတ်မိမနေကြပဲ ရှေ့ဆက်သင့်ကြောင်း ယူဆထားတယ်လို့လည်း ပြောသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, escorenews, luckbox