အသင်းသစ်တွေအများအပြားနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ကြမယ့် SEA DPC Division (1)

 

SEA DPC Divison I ရဲ့ Tournament 1 ဟာ မနက်ဖြန် နေ့လည် ၁၁ နာရီခွဲအချိန်မှာ စတင်တော့မှာပဲဖြစ်ပါတယ်။ SEA region ဟာ လူစာရင်း အပြောင်းအလဲများရုံသာမက Divison I slot နေရာတွေအတွက် အစားထိုးမှုတွေနဲ့ တော်တော်လေးဂယက်ထခဲ့ပါတယ်။ T1 အသင်းရဲ့ slot နေရာမှာ Bleed Esports က အစားထိုးဝင်ရောက်ခဲ့ပြီး RSG အသင်းရဲ့နေရာမှာတော့ Tier One Entertainment Organization အောက်က အသင်းတစ်သင်းဖြစ်တဲ့ Blacklist International အသင်းက ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Geek Fam လို့ လူသိများခဲ့တဲ့အသင်းဟာလည်း Geek Slate အနေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး Division I ကို ရောက်ရှိမယ့် Lilgun ရဲ့ Slot နေရာကို ရယူနိုင်ခဲ့ပါတယ်။

TI11 မှာရလဒ်ဆိုးရွားခဲ့တဲ့ Boom Esports အနေနဲ့ လူစာရင်းပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ JaCkky, TIMS, skem တို့ အသင်းကနေ ထွက်ခွာသွားတဲ့နောက်မှာတော့ Natsumi နဲ့ Xepher တို့အပြင် TI11 မှာ ပရိသတ်တွေအားပေးခဲ့ကြတဲ့ xNova ကိုပါ ခေါ်ယူခဲ့တာဖြစ်လို့ Boom Esports ရဲ့ ဒီ Lineup ဟာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။

Talon Esports ဟာ kpii နဲ့ Hyde တို့ရဲ့ နေရာမှာ Jabz နဲ့ Oli ကိုခေါ်ယူခဲ့ပါတယ်။ Offlane မှာ အမှားလုပ်တတ်တဲ့ Jabz ကိုခေါ်ယူခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ Oli ဟာ Support ပိုင်းမှာတော့ တော်တော်လေး အတွေ့အကြုံရှိပြီး တရုတ်အသင်းဖြစ်တဲ့ IG အသင်းနဲ့အတူ အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။

Fnatic အသင်းအတွက်တော့ ကြီးကြီးမားမားပြောင်းလဲမှုသိပ်မရှိဘဲ အခုချိန်ထိအဖြေရှာမရသေးတဲ့ Offlane နေရာမှာ kpii ကိုခေါ်ယူခဲ့ပါတယ်။ kpii ဟာ MVP Phoenix, EHOME.Keen, Newbee, Mineski, TNC Predator, Team SMG, Talon Esports တို့မှာ ကစားခဲ့ဖူးပြီး offlane role မှာတော့ တော်တော်လေးစိတ်ချရတဲ့ ကစားသမားတစ်ယောက်ပါ။ SEA အသင်းတွေထဲမှာတော့ Fnatic အသင်းရဲ့ lineup ဟာ အတောင့်တင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။

Blacklist International ရဲ့လူစာရင်းတွေကတော့ Raven, Karl, KuKu, TIMS, eyyou တို့ပဲဖြစ်ပါတယ်။ Blacklist အသင်းဟာ အခုမှ Dota 2 လောကထဲဝင်ရောက်လာတယ်ဆိုပေမယ့် အောင်မြင်မှုရဖို့ ဆာလောင်နေပြီး ကစားသမားတွေကိုခေါ်ယူတာကအစ ကြိုးစားအားထုတ်ခဲ့တာ တွေ့ရပါတယ်။ Blacklist အသင်းရဲ့ ကစားသမားတွေဟာ လက်စွမ်းပိုင်း တော်တော်လေးကောင်းတာဖြစ်လို့ Blacklist အသင်းဟာ SEA အသင်းတွေထဲမှာ နောက်ထပ်စောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်လာမှာပါ။

Bleed Esports ရဲ့လူစာရင်းတွေကတော့ JaCkky, Kordan, Masaros, PlayHard-, DuBu တို့ဖြစ်ပါတယ်။ Mid player ကလွဲရင် ကျန်တဲ့ကစားသမားတွေဟာ အတွေ့အကြုံလည်းရှိပြီး လက်စွမ်းပိုင်းမှာလည်း စိတ်ချရတဲ့ ကစားသမားတွေပါ။ TSM အသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ DuBu ဟာ SEA region ကို ပြန်လည်အခြေချတဲ့အခါမှာရော Bleed Esports ကို ဘယ်လောက်ထိဦးဆောင်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လူစာရင်းပြောင်းလဲမှုတွေ အမြဲတမ်းလုပ်နေတဲ့ Team SMG ဟာ အခုချိန်မှာလည်း Carry နဲ့ Hard Support ကိုထပ်မံအားဖြည့်ခဲ့ပါတယ်။ Midone အနေနဲ့ offlane role ကို ကစားမှာဖြစ်ပြီး CDR ကတော့ Team SMG ရဲ့ carry role နေရာမှာ ကစားမှာပါ။ CDR ဟာ လူသိပ်မသိကြပေမယ့် Phoenix Gaming နဲ့အတူ China region DPC Division 1 ရဲ့ Tournament 1 မှာ ကစားခဲ့ဖူးပါတယ်။ ဒါ့အပြင် TI11 မစခင်ကျင်းပတဲ့ BTS Pro Series Season 12:SEA ပွဲစဉ်မှာတော့ Team SMG အတွက် stand-in ကစားပေးခဲ့ပြီး လက်စွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ Hard Support နေရာမှာတော့ အတွေ့အကြုံတော်တော်လေးရှိတဲ့ Boomy ပဲ ဖြစ်ပါတယ်။

Division II ကနေတက်လာတဲ့အသင်းတွေကတော့ Execration အသင်းနဲ့ Geek Slate (Lilgun နေရာ) အသင်းတို့ပဲဖြစ်ပါတယ်။ Execration အသင်းကတော့ Hard Support နေရာမှာ BDz ကိုခေါ်ယူခဲ့ပါတယ်။ Execration အသင်းဟာ SEA ရဲ့ ပြိုင်ပွဲအသေးလေးတွေမှာတော့ လက်စွမ်းပြနိုင်ခဲ့ပေမယ့် တကယ်အရေးကြီးတဲ့ပွဲတွေမှာတော့ ကစားပုံဟာ အနည်းငယ်ဆိုးရွားနေတုန်းပါပဲ။

Geek Slate ရဲ့ လူစာရင်းတွေကတော့ skem, Kokz, Force, NARMAN (Hustla), Roddgeee တို့ပဲဖြစ်ပါတယ်။ skem ရဲ့ carry role ကိုပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ Neon Esports မှာလက်စွမ်းပြခဲ့တဲ့ Kokz ရဲ့ mid လက်စွမ်းဟာလည်း တော်တော်လေးကောင်းပါတယ်။ Force ဟာ အခုနောက်ပိုင်းမှာတော့ offlane role မှာ အသားကျနေခဲ့ပြီး Support duo အတွဲဟာလည်း လက်စွမ်းပြတဲ့ ကစားသမားတွေဖြစ်လို့ Geek Slate အသင်းကိုလည်း စောင့်ကြည့်ရမှာပါ။

လူစာရင်းအပြောင်းအလဲ ရှုပ်ထွေးရုံသာမက DPC slot ဝယ်ယူမှုတွေဟာလည်း SEA region မှာ တော်တော်လေး ဂယက်ထခဲ့ပါတယ်။ ရောက်ရှိလာတဲ့အသင်းသစ်တွေကလည်း ငွေကုန်ကျစရိတ် တော်တော်လေးသုံးထားပြီး အောင်မြင်မှုရရှိဖို့ ကြိုးစားပြင်ဆင်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ လူစာရင်းပိုင်းမှာ တောင့်တင်းတဲ့ Fnatic အသင်းနဲ့ Boom Esports တို့ကို ဖြတ်ကျော်သွားနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

#ArrPu