“တရုတ် Dota 2 လောကအတွင်းက လုပ်ပွဲတွေအကြောင်းကို ပြောပြခဲ့တဲ့ Sccc”

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသား Song “Sccc” Chun ဟာ Dota 2 ပြိုင်ပွဲများအတွင်းမှာ တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးတဲ့ carry ကစားသမားတစ်ဦးဖြစ်ခဲ့သလို TI7 ရဲ့ ဂရင်းဖိုင်နယ်ကိုလည်း NewBee အသင်းနဲ့အတူ ရောက်ရှိခဲ့ဖူးပါတယ်။ လတ်တလောမှာတော့ သူဟာ ပြိုင်ပွဲများကို ဝင်ရောက်ခြင်းမရှိပဲ stream များကိုသာ လွှင့်နေလေ့ရှိပေမယ့် ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 ပြိုင်ပွဲကြီးမှာတော့ commentator တစ်ဦးအနေနဲ့ ပါဝင်လာခဲ့ဖူးပါတယ်။

မကြာသေးမီကတော့ Sccc ဟာ stream တစ်ခုအတွင်းမှာ တရုတ် Dota 2 လောကအတွင်းက လုပ်ပွဲကစားသူများအကြောင်းကို ပြောပြသွားခဲ့ပါတယ်။ Sccc ရဲ့ အဆိုအရ လက်ရှိပြိုင်ပွဲများအတွင်းမှာ လုပ်ပွဲဖန်တီးတဲ့ ကစားသမားများကို ပေါများစွာတွေ့ရှိနိုင်နေပြီဖြစ်ပြီး ယင်းတို့ဟာ တစ်နေ့ကို pub ဂိမ်းပွဲအနည်းငယ်ကစားတာကလွဲရင် တခြားဘာမှသိပ်လုပ်လေ့မရှိကြပေမယ့် ပြဿနာတွေပေါ်ပေါက်လာပြီဆိုရင်တော့ သူတို့မှာ ပြိုင်ပွဲချန်ပီယံဖြစ်ဖို့ ရည်မှန်းချက်သာရှိကြောင်း တုံ့ပြန်လေ့ရှိကြပါတယ်။

တကယ်တမ်းမှာတော့ ယင်းတို့ဟာ ဂိမ်းကို ကောင်းစွာ မကစားနိုင်ရုံသာမက စိတ်ဓာတ်ရေးရာမကောင်းသူများလည်းဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် Dota 2 နယ်ပယ်အတွင်းက သြဇာတိက္ကမကြီးမားသူများကို မှီခိုရင်း သူတို့ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်နေမယ်ဆိုရင်တော့ ယင်းတို့အနေနဲ့ စိုးရိမ်စရာမရှိပဲ အေးဆေးစွာနေနိုင်ကြမှာပဲဖြစ်ပါတယ်။

ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ အချို့ပရိသတ်များဟာ ယင်းတို့ကို တကယ့်ကစားသမားကောင်းများလို့တောင် မှားယွင်းထင်မြင်လာတတ်ကြပါတယ်။ Sccc က သူ့ရဲ့ယခုစကားလုံးများဟာ လူတစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်တာမဟုတ်ပဲ ဒီလိုပြုလုပ်နေသူအားလုံးကို ရည်ရွယ်တာဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

အချို့ကစားသမားများကတော့ လုပ်ပွဲမကစားကြပေမယ့် အင်တာနက်ပေါ်မှာ အကြောင်းမဲ့လူမုန်းများနေလေ့ရှိတယ်လို့ Sccc က ဆိုပါတယ်။ ကစားသမားသစ်တစ်ဦးအနေနဲ့ လုပ်ပွဲများအတွင်းမှာ ပါဝင်လေ့မရှိခဲ့ပေမယ့် မန်နေဂျာဖြစ်သူက ပါဝင်နေမယ်ဆိုရင် ဒီစက်ကွင်းကနေ လွတ်မှာမဟုတ်ကြောင်း၊ မန်နေဂျာများဟာ ကစားသမားများထက် လစာနည်းပေမယ့် ဉာဏ်များလေ့ရှိတဲ့အတွက် လုပ်ပွဲဖန်တီးလိုတတ်ကြကြောင်း၊ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဝင်ငွေများပြားနိုင်တာကြောင့် ကစားသမားများကို မျက်နှာချိုသွေးပြီးပေါင်းတတ်ကြကြောင်း အစရှိသဖြင့်လည်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Sccc က ယခုအချိန်မှာ လူအများဟာ လုပ်ပွဲကိစ္စများကို ပေါ့ပေါ့တန်တန်သကဘောထားလာကြကြောင်း၊ ဘာလို့ အခုလိုဖြစ်လာရလဲဆိုတာကိုတော့ သူနားမလည်ကြောင်း၊ လုပ်ပွဲဖန်တီးသူများကတော့ သူ့အနေနဲ့ ဒီနည်းလမ်းနဲ့ ငွေမရှာတာဟာ တုံးအလို့သာဖြစ်တယ်လို့တောင် ထင်မြင်နေကြကြောင်း၊ သူကတော့ ယင်းတို့ ဘာလုပ်သည်ဖြစ်စေ ဂရုစိုက်နေမှာမဟုတ်သလို လုပ်ပွဲများနဲ့လည်း မပတ်သက်လိုကြောင်း စတာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

Sccc ရဲ့ ပြောကြားချက်များအရ တရုတ် Dota 2 လောကအတွင်းက လုပ်ပွဲများဟာ Valve စုံစမ်းစစ်ဆေးနိုင်တာထက်တောင် များပြားနေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ယခု DPC အစပိုင်းအတွင်းမှာ Valve ဟာ လုပ်ပွဲကစားသူများ၊ အကောင့်မျှဝေအသုံးပြုသူများ စတဲ့ မသမာတဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်ကစားခဲ့သူများရဲ့အမည်များကို ကြေညာပြီး ရာသက်ပန်ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

Sccc ဟာ DPC ပြိုင်ပွဲများကို ဝင်ရောက်ခြင်းမရှိတာ ၂ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ကစားသမားဘဝကနေအနားယူကြောင်း တရားဝင်ကြေညာထားခြင်းတော့မရှိသေးပါဘူး။ Sccc ပြောပြခဲ့တဲ့ တရုတ် Dota 2 လောကအတွင်းက လုပ်ပွဲကစားသူများအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, liquipedia