“TI11 ဂရင်းဖိုင်နယ်ကို ကစားရတာ rank ပွဲလောက် ဖိအားမရှိဘူးလို့​ပြောခဲ့တဲ့ Tundra ကစားသမား Skiter”

 

မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်မှာ ဥရောပအသင်းတစ်သင်းဖြစ်တဲ့ Tundra Esports ဟာ Team Secret ကို ၃ – ၀ နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာကို Dota 2 ပရိသတ်များတွေ့မြင်ခဲ့ကြရမှာပါ။ Aegis of Champions ဆုကြီးကို ကိုင်မြှောက်ခဲ့ကြပြီး မိနစ်အနည်းငယ်အကြာမှာတော့ Tundra Esports အသင်းသားများဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများနဲ့ ပတ်သက်လို့ ရှင်းလင်းဖြေကြားသွားခဲ့ပါတယ်။

ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းအပေါ် ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းအရောက်မှာတော့ Tundra Esports ရဲ့ carry ကစားသမားဖြစ်သူ Oliver “Skiter” Lepko က သူ့အနေနဲ့ ဖိုင်နယ်ပွဲစဉ်များကို ကစားရတာ pub မှာ ranked double down ပွဲများကို ကစားရတာ​လောက် ဖိအားမရှိခဲ့ဘူးလို့ ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဒီပွဲကြီးကို အနိုင်ရသွားလိမ့်မယ်လို့ ကြိုသိနေနှင့်ပေမယ့် ဒီလောက်လွယ်ကူလိမ့်မယ်လို့တော့ မထင်မိခဲ့ဘူးလို့လည်း ဆိုသွားခဲ့ပါတယ်။

Skiter ရဲ့ ဖြေကြားချက်ဟာ အနည်းငယ်ကြွားဝါလွန်းသလိုထင်ရပေမယ့် ဖိုင်နယ်ပွဲစဉ်များအတွင်းက Tundra Esports အသင်းသားများရဲ့ ကစားဟန်ကတော့ အမှန်တကယ်ဖိအားနည်းပုံပေါ်နေခဲ့ကြောင်း ပရိသတ်အမြောက်အများက သုံးသပ်ခဲ့ကြပါတယ်။ ပြိုင်ပွဲများကို ကစားရာမှာ ဖိအားများနေခြင်းဟာ ကစားသမားတစ်ဦးချင်းစီနဲ့ အသင်းတစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်များကို နိမ့်ကျသွားစေနိုင်တာမို့ Tundra Esports အသင်းသားများဟာ Skiter ပြောသွားခဲ့သလို ဖိအားနည်းစွာ တက်ရောက်ကစားခဲ့ကြဖြစ်နိုင်ကြောင်းလည်း အများက ကောက်ချက်ချခဲ့ကြပါတယ်။

ဒါ့အပြင် ဂရင်းဖိုင်နယ်အတွင်း ရှုံးနိမ့်သွားခဲ့တဲ့ Team Secret ဟာ အလွန်ဖိအားများနေခဲ့ပုံရတယ်လို့လည်း ပရိသတ်အချို့က ထင်ကြေးပေးပြောဆိုနေခဲ့ကြပါတယ်။ Team Secret ရဲ့ ကစားသမားတစ်ဦးဖြစ်သူ Roman “Resolut1on” Fomynok ဟာ TI11 ဂရင်းဖိုင်နယ် မစတင်မီမှာ ယင်းအဆင့်အထိ တက်ရောက်ခွင့်ရရှိနိုင်ခဲ့တဲ့အတွက် အသင်းဖော်များကို အလွန်ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ဖူးပြီး ဒါဟာ သူ့ရဲ့စိတ်ထဲမှာ ဂရင်းဖိုင်နယ်အဆင့်အတွက် ဖိအားများနေခဲ့တာကို သွယ်ဝိုက်ပြသသွားခဲ့တာဖြစ်ကြောင်း အချို့က ယူဆခဲ့ကြပါတယ်။

Tundra Esports ရဲ့ ကစားသမားတစ်ဦးဖြစ်သူ Martin “Saksa” Sazdov ကတော့ ပြီးခဲ့တဲ့ Arlington Major အတွင်း အဆင့်နိမ့်ပါးခဲ့ချိန်တုန်းက အသင်းသားများ အလွန်စိတ်ဓာတ်ပျက်ပြားသွားခဲ့ဖူးသလို Stockholm Major အတွင်း OG ကို ရှုံးနိမ့်ခဲ့ချိန်မှာလည်း အခြေအနေမကောင်းဖြစ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ TI11 ကို ဝင်ရောက်လာခဲ့ချိန်အစောပိုင်းတုန်းကလည်း Tundra Esports အသင်းသားများဟာ မိမိတို့ရဲ့ လုပ်နိုင်စွမ်းအပေါ် သံသယဖြစ်နေခဲ့ကြပြီး အစပိုင်းပွဲစဉ်များမှာ အရှိန်အဟုန်ကင်းမဲ့နေခဲ့ကြပါတယ်။

နည်းပြဖြစ်သူ Kurtis “Aui_2000” Ling ကတော့ Saksa ဟာ အသင်းအတွက် အောင်မြင်မှုလမ်းစကို ဖော်ဆောင်ပေးနိုင်ခဲ့သူဖြစ်တယ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ အသင်းအနေနဲ့ အရေးကြီးတဲ့အချိန်ရောက်လာချိန်မှာ Saksa ဟာ အသင်းသားများအားလုံးကို အပြင်ခေါ်ထုတ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုကြဖို့ အားပေးခဲ့ကြောင်းနဲ့ ဒီလိုပြုလုပ်ခဲ့မှုကြောင့် အသင်းရဲ့ စည်းလုံးညီညွတ်မှုအားကောင်းလာကာ အောင်မြင်လာခဲ့တာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports, holyhexor