တရုတ် Dota 2 အသင်း Knights ရဲ့ map hack ကြောင်း စွပ်စွဲမှုအပေါ် Pro ကစားသမားတို့ရဲ့ အမြင်များ

 

တရုတ် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Knights ဟာ လက်ရှိအချိန်ကျင်းပနေဆဲ ၂၀၂၃ ခုနှစ် တရုတ် DPC tour 1 division 1 ကို စတင်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အစောဆုံးပွဲစဉ်များမှာ map hack ပြီး မသမာစွာကစားခဲ့ကြောင်း စွပ်စွဲမှုများ မကြာသေးမီက ပေါ်ပေါက်လာခဲ့ပါတယ်။ Knights အသင်း map hack ကြောင်း စွပ်စွဲမှုများကို စတင်ပြောကြားခဲ့သူကတော့ တရုတ် caster တစ်ဦးဖြစ်ပြီး သူ့ရဲ့အဆိုအတွင်း Knights အသင်းသားများဟာ ပြိုင်ဘက်အသင်းရဲ့ ward ရှိတဲ့နေရာတွေကို hack နည်းတစ်ခုကြောင့် ကောင်းစွာ သိရှိနေခဲ့ကြတယ်လို့ ပါဝင်ပါတယ်။

တရုတ် caster ပြောသွားခဲ့တဲ့ ယင်း hack နည်းအလုပ်လုပ်ပုံကတော့ ပြိုင်ဘက်ရဲ့ vision အတွင်းကို ကျရောက်သွားတဲ့ ဟီးရိုးများဟာ အဖြူရောင်လင်းလာကြမှာဖြစ်ပြီး ward ရှိနေကြောင်း လွယ်ကူစွာသိရှိနိုင်ကြမှာပါ။ Knights အသင်းဟာ Team Aster, Invictus Gaming, PSG.LGD တို့နဲ့ ယှဉ်ပြိုင်ကစားသွားတဲ့ပွဲစဉ်များအတွင်း ဒီ hack နည်းကို အသုံးပြုသွားခဲ့ကြောင်းလည်း တရုတ် caster က စွပ်စွဲပြောဆိုသွားခဲ့ပြီး ယင်းတို့အနေနဲ့ တစ်ပွဲလျှင် ပျမ်းမျှ ward ၁၂.၅၇ ချောင်းအထိ ဖျက်နိုင်ခဲ့ကာ ကျန်အသင်းအားလုံးထက် ၃ ချောင်းခန့် သာလွန်နေတဲ့အချက်ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

တရုတ် DPC ပွဲကျင်းပရေးတာဝန်ခံအဖွဲ့အစည်းဖြစ်တဲ့ Perfect World ဟာ ဒီကိစ္စအတွက် သက်သေအထောက်အထားနဲ့ သံသယဖြစ်ဖွယ်များကို စုစည်းကာ Valve ထံ တင်ပြပြီးဖြစ်ပေမယ့် ယခုအချိန်ထိတော့ Knights တို့ တရုတ် DPC အတွင်း ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိနေပါ​သေးတယ်။ ဒါပေမယ့် Valve အနေနဲ့ Knights အသင်း အမှန်တကယ် map hack ကြောင်း ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အနာဂတ်ပြိုင်ပွဲများအားလုံးကို ဝင်ရောက်ခွင့်ပိတ်ပင်ခံရနိုင်ပါတယ်။

Knights အသင်းဟာ ထူထောင်တာ မကြာသေးတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် ဝါရင့်ကစားသမားများလည်း ပါဝင်ပါတယ်။ လက်ရှိအချိန် ပြိုင်ပွဲဝင်လျက်ရှိတဲ့ Knights အသင်းသားစာရင်းကတော့

၁။ Luo “eGo” Bin

၂။ Vincent “AlaCrity” Hiew

၃။ Su “Flyby” Lei

၄။ Chong “FelixCiaoBa” Wei Lun နဲ့

၅။ Xiao “XCJ” Chaojian

တို့ပဲဖြစ်ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ နာမည်ကျော်တရုတ် Dota 2 ကစားသမားတစ်ဦးဖြစ်သူ Lu “Somnus” Yao ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးသူ FelixCiaoBa အနေနဲ့ hack မသုံးလောက်ဘူးလို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ Somnus က သူဟာ hack နည်းများအကြောင်းကို သိပ်နားမလည်လှပေမယ့် တရားဝင် DPC ပြိုင်ပွဲမှာ hack သုံးရင် ban ခံရမှာ သေချာတာမို့ ဒီလိုကျူးလွန်မှုမျိုးကို Knights အသင်းသားများ မလုပ်လောက်ဘူးလို့ ထင်ကြေးပေးပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

Vici Gaming အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ Xu “fy” Linsen ကလည်း FelixCiaoBa ပါဝင်တဲ့ Knights အသင်းအနေနဲ့ hack မသုံးလောက်ဖူးလို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် fy က ရိုးရိုးသားသား ကောင်းစွာကစားသူများကို မှားယွင်းစွပ်စွဲခြင်းဟာ သူတို့ကို စော်ကားရာရောက်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် TI11 ချန်ပီယံကစားသမားတစ်ဦးဖြစ်ပြီး Tundra Esports အသင်းခေါင်းဆောင်ဖြစ်သူ Wu “Sneyking” Jingjun ကတော့ Knights အသင်း map hack ကြောင်း တရုတ်ဘာသာစကားနဲ့ ရှင်းပြထားတဲ့ ဗီဒီယိုကို ကြည့်လိုက်ရချိန်မှာ ဒါဟာအမှန်တကယ်ဖြစ်တယ်လို့ ထင်မြင်ကြောင်းပြောသွားခဲ့ပါတယ်။ Sneyking ဟာ ယင်းဗီဒီယိုအတွင်း ရှင်းပြသွားသူကို ချီးမွန်းခဲ့သလို အခြားဘယ်သူတွေ ဒီလို hack မျိုး သုံးနေကြဦးမလဲဆိုတာ မသိနိုင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

Knights ဟာ အသင်းသစ်တစ်သင်းဖြစ်နေပေမယ့် ယှဉ်ပြိုင်ကစားခဲ့တဲ့ တရုတ် DPC ပွဲစဉ်များအတွင်းမှာ အလွန်အခြေအနေကောင်းနေခဲ့ပြီး PSG.LGD နဲ့ Invictus Gaming တို့လို အသင်းကြီးများကို အနိုင်ရခဲ့တာကြောင့် အချို့ပရိသတ်များက ယင်းတို့ map hack ပြီး ကစားခဲ့ကြောင်း ယုံကြည်နေကြသလို အချို့ကလည်း မဖြစ်နိုင်ကြောင်း ငြင်းဆိုကြလျက်ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ Knights တို့ အမှန်တကယ် hack သုံးခဲ့သလားဆိုတာကတော့ Valve ရဲ့ တရားဝင်ဆုံးဖြတ်ချက်ထွက်ပေါ်လာချိန်မှသာ သိရှိနိုင်ကြမှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, dotesports, liquipedia