ပရိုဂရမ်မာတစ်ဦးအဖြစ်ရော အမျိုးသမီး Dota 2 pro ကစားသမားအဖြစ်ပါ ရပ်တည်နေနိုင်သူ Tay “[M]erody” Hui Chun

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စင်ကာပူနိုင်ငံသူ Tay “[M]erody” Hui Chun ဟာ နိုင်ငံတွင်းက အကောင်းဆုံးအမျိုးသမီး Dota 2 ကစားသမားတစ်ဦးဖြစ်ပြီး 2021 Global Esports Games အမျိုးသမီး Dota 2 ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ 2022 Commonwealth Esports Championships အမျိုးသမီး Dota 2 ပြိုင်ပွဲများမှာ ကြေးတံဆိပ်ဆုများကို ဆွတ်ခူးနိုင်ခဲ့သူပါ။ ယခုလအစပိုင်းတုန်းကတော့ စင်ကာပူအခြေစိုက် DBS ဘဏ်ဟာ Tay Hui Chun အနေနဲ့ ယင်းတို့ဆီမှာ ပရိုဂရမ်မာတစ်ဦးအဖြစ် အချိန်ပြည့်ဝင်ရောက်လုပ်ကိုင်လျက်ရှိသလို ဝါသနာအရ အမျိုးသမီး Dota 2 ကစားသမားတစ်ဦးအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်အောင် ကြိုးပမ်းနေပုံများနဲ့ သူမရဲ့ တစ်နေ့တာအကြောင်းအရာများကို ဗီဒီယိုတစ်ခုအတွင်း တင်ဆက်သွားခဲ့ပါတယ်။

Tay Hui Chun ဟာ offlane နဲ့ mid ကို အဓိက ကစားလေ့ရှိသူဖြစ်ပြီး သူမရဲ့ တွစ်တာမှာ ရေးသားထားချက်အရ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာတည်းက mmr ၇၀၀၀ ကျော်အထိရရှိခဲ့ဖူးတဲ့ immortal အဆင့် ကစားသမားတစ်ဦးပါ။ သူမဟာ 2021 Global Esports Games မှာရော 2022 Commonwealth Esports Championships မှာပါ စင်ကာပူအမျိုးသမီးအသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Bren Esports လို နာမည်ကြီးအသင်းများကိုလည်း ဝင်ရောက်ခဲ့ဖူးပါတယ်။

ဗီဒီယိုအတွင်းမှာတော့ Tay Hui Chun ဟာ Dota 2 ကို ညဉ့်နက်ချိန် တစ်နာရီခွဲခန့်အထိ လေ့ကျင့်ကစားပြီးနောက် ပုံမှန်နေ့စဉ်ဘဝမှာ အလုပ်လုပ်ဖို့အတွက် မနက် ရှစ်နာရီခန့် အိပ်ရာထရကြောင်း ဖော်ပြထားပါတယ်။ မနက် ရှစ်နာရီခွဲခန့်အရောက်မှာ အိမ်ကနေ စတင်အလုပ်လုပ်ပြီး နေ့လည် တစ်နာရီခန့်မှာ နေ့လည်စာစားကာ ညနေ ခြောက်နာရီခန့်မှာ အလုပ်ဆင်းတယ်လို့ ဆိုပါတယ်။ ယင်းနောက်မှာတော့ အားလပ်ချိန်များအတွင်း Dota 2 ကို အချိန်ရသလို လေ့ကျင့်ကစားကြောင်းကိုလည်း ဖော်ပြသွားခဲ့ပါတယ်။

Tay Hui Chun ရဲ့ ဖြေကြားချက်အရ သူမလို အလုပ်တစ်ဘက်၊ ဂိမ်းတစ်ဘက်နဲ့ pro ဂိမ်မာတစ်ဦးအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ ပရိုဂရမ်မာအရေအတွက် သိပ်မရှိဘူးလို့ ဆိုပါတယ်။ သူမ ငယ်စဉ်က မိသားစုပြဿနာအမြောက်အများကို ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်ကို ကုစားတဲ့အနေနဲ့ ဂိမ်းစတင်ကစားခဲ့တာဖြစ်ပြီး ဂိမ်းတွင်းမှာ မိမိကိုယ်ကို ​ခေတ္တမြှုပ်နှံထားလိုက်ခြင်းအားဖြင့် လက်တွေ့ဘဝပြဿနာများကနေ အချိန်အနည်းငယ်ကြာအောင် လွတ်မြောက်သွားနိုင်တယ်လို့လည်းဆိုပါတယ်။ ဒါဟာ မိမိအပြင်မှာ တွေ့နေကျ လူပုဂ္ဂိုလ်များကို ဂိမ်းကစားနေချိန်အတွင်း မမြင်တွေ့ရတာကြောင့်ဖြစ်သလို ဂိမ်းကစားခြင်းဟာ သူမကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်အဖြစ်ရော ပရိုဂရမ်မာတစ်ဦးအဖြစ်ပါ တိုးတက်လာအောင် အကူအညီဖြစ်ခဲ့တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

Tay Hui Chun ဟာ သူမ ဘွဲ့ရပြီးချိန်မှာ Esports နဲ့ ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီတစ်ခုမှာပဲ အလုပ်ဝင်လိုကြောင်း ယခင်တည်းက တွေးခဲ့မိပြီး ယခုအလုပ်ဝင်ရောက်ထားတဲ့ DBS ဟာ One Esports Singapore Major 2021 ကို စပွန်ဆာပေးထားခဲ့တာကြောင့် ယင်းအတွေးနဲ့ ကိုက်ညီမှုရှိတယ်လို့ဆိုပါတယ်။ ကုမ္ပဏီတွင်းက လုပ်ဖော်ကိုင်ဖက်များဟာ သူမရဲ့ Dota 2 ကစားသမားအဖြစ်ရပ်တည်မှုကို လက်ခံအားပေးကြသလို သူမအကြောင်း ဆောင်းပါးများနဲ့ ဗီဒီယိုများကို စတင်တွေ့မြင်တုန်းကလည်း အံ့သြနေခဲ့ကြတယ်လို့ ပြောသွားခဲ့ပါတယ်။ Linkedin ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သူမဟာ computer science မှာ bachelor ဘွဲ့ ရရှိထားသူဖြစ်ပြီး DBS မှာအလုပ်လုပ်တာ အချိန်တစ်နှစ်နဲ့ ငါးလခန့် ကြာမြင့်ခဲ့ပါပြီ။

ဂိမ်းကစားရာကနေ ရရှိခဲ့တဲ့ အကြီးဆုံးသင်ခန်းစာတစ်ခုကို ပြောပြပါလို့ မေးမြန်းခဲ့ရာမှာတော့ Dota ဟာ လျှင်မြန်မှုအလွန်လိုအပ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး တစ်ပွဲကို မိနစ် ၄၀ ခန့်ကြာမြင့်တတ်ကာ မိနစ်တိုင်းမှာ ဆုံးဖြတ်ချက်များကို မြန်မြန်နဲ့ မှန်မှန်ချမှတ်ဖို့ လိုအပ်တာကြောင့် Dota ကစားရင်း ဘဝမှာလည်း ကိစ္စများကို လျှင်မြန်စွာလုပ်နိုင်ဖို့ လိုအပ်ကြောင်း သင်ယူနိုင်ခဲ့တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။ DBS မှာ အလုပ်ကို နေ့တိုင်းသွားစရာမလိုပဲ အိမ်ကနေလည်း အလုပ်လုပ်နိုင်တဲ့အတွက် ဂိမ်းလေ့ကျင့်ကစားချိန်ရရှိပြီး သိပ်မပင်ပန်းပဲ သက်တောင့်သက်သာရှိကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

ပြိုင်ပွဲများကို ဝင်ရောက်ဖို့ ပြင်ဆင်ရာမှာတော့ အသင်းဖော်များ ညီညွတ်နေအောင်ကြိုးပမ်းကြဖို့ လိုအပ်လှသလို လေ့ကျင့်ရေးအချိန်ဇယားကို အလေးပေးလိုက်နာကြဖို့လည်း လိုအပ်တယ်လို့ Tay Hui Chun က ဆိုပါတယ်။ သူမတို့အသင်းဟာ တစ်နေ့လျှင် နှစ်နာရီကနေ သုံးနာရီခန့်လောက်အထိ ပုံမှန်လေ့ကျင့်ကြတယ်လို့လည်း ဆိုပါတယ်။

သူမဟာ ဂိမ်းအတွင်းမှာ လှောင်ပြောင်နှောင့်ယှက်သူများကိုလည်း တစ်ခါတစ်ရံ တွေ့မြင်ရခဲ့ရပြီး သူမရဲ့ အမျိုးသမီးအသံကို ကြားရရင် ယင်းတို့ဟာ ပိုမိုဆိုးဝါးလာလေ့ရှိတယ်လို့ ဆိုပါတယ်။ အတိတ်မှာတော့ ယင်းကိစ္စဟာ လက်မခံနိုင်လောက်အောင်ဖြစ်ခဲ့ရပေမယ့် အသက်ကြီးလာချိန်မှာတော့ ဒါဟာ အင်တာနက်ပေါ်မှာ မထူးဆန်းတဲ့ကိစ္စဖြစ်ကြောင်း သိမြင်လာပြီး ကောင်းစွာရင်ဆိုင်လာနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Tay Hui Chun ရဲ့ အဆိုအရ ဂိမ်းကစားခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာစေသလို ဂိမ်းတွင်းမှာ ကိစ္စအမြောက်အများကို ရင်ဆိုင်ဖြေရှင်းရခြင်းကြောင့် လက်တွေ့ဘဝနဲ့ အလုပ်ခွင်မှာလည်း ပြဿနာဖြေရှင်းနိုင်စွမ်းများ ပိုမိုတိုးပွားလာစေပါတယ်။ ဂိမ်းကစားခြင်းဟာ သူမကို အရာရာမှာ လွယ်လွယ်နဲ့အရှုံးမပေးပဲ ကြိုးစားရုန်းကန်နိုင်အောင် သင်ကြားပေးခဲ့ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dbs bank facebook, oneesports, yp sg, dotabuff