DotA မရှိဘဲ LOL မရှိနိုင်ဘူးလို့ ဆိုလိုက်တဲ့ PewDiePie

 

ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး YouTuber / Gamer တစ်ယောက်ဖြစ်တဲ့ PewDiePie ဟာ မကြာသေးခင်က Trash Taste Podcast အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့အကြိုက်ဆုံးဂိမ်းတွေနဲ့ ကြီးပြင်းလာရာ ဘဝမှာ ဂိမ်းတွေကနေ အင်္ဂလိပ်စာကို သင်ယူခဲ့ပုံကို ပြောပြဆွေးနွေးခဲ့ပါတယ်။ ဆွီဒင်မှာ မွေးခဲ့တဲ့ PDP က သူဟာ PC ဂိမ်မာစစ်စစ် ဖြစ်ကြောင်းနဲ့ PC Cafe တွေ၊ LAN ပြိုင်ပွဲ တွေကို သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။

Trash Taste ဟာ အပတ်စဉ် Podcast အစီအစဉ်တစ်ခုဖြစ်ပြီး တိုကျိုအခြေစိုက် ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံကို အပြီးပြောင်းရွှေ့လာနေတဲ့ PDP ကို နိုဝင်ဘာ ၅ ရက်က ခေါ်ယူပြီး Podcast ပြုလုပ်နိုင်ခဲ့တာပါ။

YouTube ဗီဒီယိုတွေအကြောင်း ပြောချိန်မှာတော့ PDP က သူ့ရဲ့ ဗီဒီယိုအပေါ် သူ့အမေရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ “ဟယ် နင် အင်္ဂလိပ်လို ပြောတတ်တယ်လား WTF” ဆိုပြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူဟာ အွန်လိုင်းမှာ အခြားလူတွေနဲ့ မာလ်တီပလေယာဂိမ်းတွေ ကစားရာကနေ အင်္ဂလိပ်စာ တတ်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီခေတ် ကလေးတွေကို သူငယ်ငယ်ကလို ခံစားစေချင်လို့ ယူကေနိုင်ငံမှာ PC Cafe တစ်ခုလောက် ဖွင့်ချင်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ PDP ဟာ မူရင်းပထမ Halo ဂိမ်းရဲ့ ဖန်အကြီးစားလည်း ဖြစ်တယ်လို့ ဆိုတယ်။

သူ့ကို Halo ပါတီ ဆော့တာ များလားလို့ မေးတဲ့အခါမှာတော့ LAN အနေနဲ့ DotA [Defense of the Ancients] ကို ဆော့တာ များခဲ့တယ်လို့ PewDiePie က ဖြေပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် ဆွီဒင်က PC Cafe တွေမှာ ဒီဂိမ်းကိုပဲ ဆော့နေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာပဲ Podcast host တစ်ဦးက သူကတော့ League of Legends (LOL) ကိုပဲ ဆော့ခဲ့တယ်၊ DotA မဆော့ဘူးလို့ ဆိုရာမှာ PewDiePie က ရယ်ပွဲဖွဲ့ခဲ့ပါတယ် “မင်းတို့ အရာအားလုံးက DotA ကျေးဇူးပဲ၊ ဟုတ်တယ် DotA မရှိရင် League (LOL) လည်း ပေါ်လာမှာ မဟုတ်ဘူး” လို့ သူက ရယ်ပြီး ပြောခဲ့ပါတယ်။

တဖက်လူကတော့ အရာအားလုံး ဒီလိုပါပဲ၊ စထွက်လာတဲ့ ကောင်က အရမ်းပေါက်ပြီး တကယ်တမ်း သူ့နောက်က ပေါ်လာတဲ့ ဒုတိယလူက ပိုကောင်းအောင် ပြင်ဆင်လာတာလေ၊ Dota ရုပ်ရှင်စီးရီးနဲ့ Arcane စီးရီး တို့လိုပေါ့လို့ ပြန်ပြောခဲ့ပါတယ်။ PewDiePie ကတော့ စိတ်ဝင်စားဟန် မပြဘဲ Arcane ကို ကြည့်ဖို့ တိုက်တွန်းသူတွေ များပေမဲ့ ကြည့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ပဲ ဆိုခဲ့ပါတယ်။

၂၀၂၁ အစောပိုင်းတုန်းကလည်း PewDiePie က “ကျွန်တော့် ကြီးပြင်းရာ ဘဝကို ပြဌာန်းခဲ့တဲ့ ဂိမ်းတွေ” ဆိုတဲ့ အမည်နဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး အဲဒီထဲမှာ မူရင်း DotA ကို PC Cafe တွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြောင်း ပါဝင်ခဲ့ပါတယ်။ DotA နဲ့ LOL စကားစစ်ထိုးပွဲတွေကတော့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သေချာတာက ဒီဂိမ်းနှစ်ခုလုံးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ MOBA ဂိမ်းအမျိုးအစားကို လူကြိုက်များအောင် စွဲဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။

Source – AFKGaming