“ဘယ်အသင်းပဲနိုင်နိုင် သမိုင်းမှတ်တိုင်သစ်စိုက်ထူဖို့ သေချာနေတဲ့ TI11”

 

ယခုအချိန်ဟာ Dota 2 ရဲ့ အကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ TI11 ကို ကျင်းပနေဆဲကာလဖြစ်ပြီး ပရိသတ်များဟာ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အသင်း ၄ သင်းတို့ရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုများကို တွေ့မြင်ရဖို့ မျှော်လင့်စောင့်စားနေကြပါပြီ။ ဒီအသင်း ၄ သင်းကတော့ Team Secret, Team Liquid, Tundra Esports နဲ့ Team Aster တို့ပဲဖြစ်ပြီး အားလုံးဟာ ဘယ်အသင်းက ပိုသာတယ်ဆိုတာ ခန့်မှန်းလို့မရနိုင်လောက်အောင် လက်စွမ်းပြကစားနေခဲ့ကြတာဖြစ်ပါတယ်။

ယခုနှစ် TI11 ဟာ မည်သည့်အသင်းက အနိုင်ရသည်ဖြစ်စေ ထူးခြားတဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူသွားစေမှာလည်း ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပရိသတ်များရဲ့ အထူးတလည်စောင့်ကြည့်ခြင်းကို ခံထားရတဲ့ Team Secret သာ အနိုင်ရရှိသွားမယ်ဆိုရင် ဂန္ထဝင်အသင်းခေါင်းဆောင်ကြီး Clement “Puppey” Ivanov ဟာ TI နှစ်ထပ်ကွမ်း ချန်ပီယံတစ်ဦးဖြစ်လာကာ နည်းပြဖြစ်သူ Lee “Heen” Seung Gon ကတော့ ပထမဆုံးသော TI နှစ်ထပ်ကွမ်း အနိုင်ရဖူးတဲ့ နည်းပြဖြစ်လာမှာပါ။

Puppey ဟာ TI1 ကို ၂၀၁၁ ခုနှစ်တည်းက အနိုင်ရရှိခဲ့တာဖြစ်လို့ ယခု TI11 ကိုသာ အနိုင်ရသွားမယ်ဆိုရင် ၁၁ နှစ်ကြာပြီးမှ TI ချန်ပီယံဆုကို ထပ်မံရရှိသူအဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။ Heen ယခင်က အနိုင်ရခဲ့တဲ့ TI ကတော့ TI7 ဖြစ်ပြီး ထိုစဉ်က Team Liquid ရဲ့ နည်းပြအဖြစ် ထမ်းဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအသင်းဖြစ်တဲ့ Team Liquid သာ အနိုင်ရရှိသွားမယ်ဆိုရင် carry ကစားသမားကြီး Lasse “MATUMBAMAN” Urpalainen ဟာ TI နှစ်ထပ်ကွမ်း ချန်ပီယံတစ်ဦးဖြစ်လာကာ နည်းပြဖြစ်သူ Jesse “JerAx” Vainikka ကတော့ TI နှစ်ခုကို ကစားသမားဘဝ၊ TI တစ်ခုကို နည်းပြဘဝမှာ ပထမဆုံးအနိုင်ရဖူးသူဖြစ်လာမှာပါ။ Team Liquid ဟာလည်း ကစားသမားတွေ ​ပြောင်းလဲသွားပေမယ့် TI နှစ်ထပ်ကွမ်း အနိုင်ရရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် သမိုင်းသစ်ရေးထိုးသွားနိုင်မှာဖြစ်ပါတယ်။

MATUMBAMAN ဟာ TI7 ကို အနိုင်ရခဲ့စဉ်ကလည်း Team Liquid နဲ့အတူရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အသင်းရဲ့ တစ်ဦးတည်းသော TI ချန်ပီယံကစားသမားဟောင်းဖြစ်ပါတယ်။ သူဟာ ယခု TI11 မှာ မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ ပြိုင်ပွဲပြီးရင် ကစားသမားဘဝက ကျိန်းသေအနားယူတော့မှာဖြစ်ကြောင်း ကြေညာထားခြင်းကလည်း Team Liquid ရဲ့ ပွဲစဉ်များကို ပိုမိုထူးခြားနေစေပါတယ်။ TI ၂ နှစ်ဆက် ချန်ပီယံဟောင်းကြီးဖြစ်သူ JerAx အနေနဲ့ကလည်း နည်းပြဘဝကို ယခုနှစ်လယ်ပိုင်းတုန်းကမှ Team Liquid နဲ့အတူ စတင်ခဲ့တာကြောင့် TI11 ကိုသာ အနိုင်ရသွားမယ်ဆိုရင် Dota 2 လောကအတွင်း ပြောစမှတ်တွင်လောက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်လာပါ။

တတိယအသင်းဖြစ်တဲ့ Tundra Esports သာ အနိုင်ရရှိသွားမယ်ဆိုရင် နည်းပြဖြစ်သူ Kurtis “Aui_2000” Ling ဟာ TI နှစ်ခုကို ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ ပထမဆုံးအနိုင်ရဖူးသူဖြစ်လာမှာပါ။ Aui_2000 ဟာ ၂၀၁၅ ခုနှစ်မှာ TI5 ကို Evil Geniuses အသင်းရဲ့ ကစားသမားအဖြစ် အနိုင်ရခဲ့ဖူးပြီး နောက်ပိုင်းမှာ ဝါရင့်နည်းပြတစ်ဦးဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးအသင်းဖြစ်တဲ့ Team Aster သာ အနိုင်ရရှိသွားမယ်ဆိုရင်တော့ တရုတ်ဒေသအတွက် ၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ TI ချန်ပီယံဆုကို အိမ်အပြန်သယ်ဆောင်သွားနိုင်မှာပါ။ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ Wings Gaming တို့ TI6 ကို အနိုင်ရရှိခဲ့ပြီးချိန်နောက်ပိုင်းမှာ နှစ်များစွာကြာအောင် မည်သည့်တရုတ်အသင်းမှ TI ချန်ပီယံအဖြစ် မတက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပြီး Team Aster ဟာ ယခုနှစ် တရုတ် Dota 2 လောကရဲ့ ဂုဏ်ကိုဆောင်ဖို့ တစ်ခုတည်း မျှော်လင့်ချက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

TI11 ကို မည်သည့်အသင်းက အနိုင်ရသည်ဖြစ်စေ ပရိသတ်များကတော့ ပြောင်မြောက်လှတဲ့ ဖိုင်နယ်ပွဲစဉ်များကို မြင်တွေ့ရဖို့ စိတ်ဆန္ဒပြင်းပြနေကြပါပြီ။ ယခုလာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့များဟာ Dota 2 ပရိသတ်များအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ TI11 နောက်ဆုံးရက်များအဖြစ် ​ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports, afkgaming, liquipedia,