လာမယ့်နှစ်အတွင်း တရုတ် Dota 2 အသင်းများ အားကောင်းလာနိုင်ကြောင်း N0tail သုံးသပ်
တရုတ် Dota 2 လောကရဲ့ အသင်းများကြားမှာ ကြီးမားတဲ့ ကစားသမားအပြောင်းအလဲများ မကြာသေးမီက ပေါ်ပေါက်လာခဲ့ပါတယ်။ တရုတ်အင်အားကြီးအသင်းများဟာ နာမည်ကျော်ကစားသမားများကို အမိအရ လိုက်လံခေါ်ယူခဲ့ကြတာဖြစ်ပြီး ဒီကိစ္စကြောင့်ပဲ လာမယ့်နှစ် TI10 အတွင်းမှာ တရုတ်တို့ အားကောင်း လာနိုင်ကြောင်း လက်ရှိ TI ၂ နှစ်ဆက်ချန်ပီယံတစ်ဦးဖြစ်သူ N0tail က ပြောဆိုသုံးသပ်သွားခဲ့ပါတယ်။
OG အသင်းရဲ့ ခေါင်းဆောင်အဖြစ် TI8 နဲ့ TI9 တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ယခုအချိန်အထိလည်း OG ကစားသမားဖြစ်နေဆဲ N0tail ရဲ့ အဆိုအရ ယခုအပြောင်းအလဲများကြောင့် တရုတ်အသင်းများရဲ့ ဖွဲ့စည်းပုံများဟာ ရှေးယခင်နှစ်များတုန်းကနဲ့ နှိုင်းယှဉ်ရင် အတော်လေးကောင်းမွန်သွားတယ်လို့ ဆိုပါတယ်။ N0tail ဟာ OG အသင်းရဲ့ တရားဝင် Twitter စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ အသံဖိုင်တစ်ခုအတွင်း ဒီအကြောင်းကို ပြောသွားခဲ့တာဖြစ်ပြီး လာမယ့်နှစ် TI10 အတွင်း အနည်းဆုံး တရုတ်အသင်း ၂ သင်း အင်အားကြီးလာနိုင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ယင်းအသံဖိုင်အတွင်းမှာ N0tail ရည်ညွှန်းသွားခဲ့တဲ့ တရုတ်အသင်း ၂ သင်းရဲ့ နာမည်များတော့ ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးမီကမှ ဖွဲ့စည်းခဲ့ပြီး နာမည်ကြီးတရုတ်ကစားသမားများ ပါဝင်တဲ့ Dota 2 အသင်းသစ် 4AM ဟာ N0tail ရည်ညွှန်းတဲ့အသင်းများထဲက တစ်သင်းဖြစ်နိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။

အထူးသဖြင့် 4AM အသင်းသားများဖြစ်ကြတဲ့ Somnus丶M နဲ့ fy တို့ဟာ PSG.LGD အသင်းအတွင်း ရှိနေခဲ့စဉ်က N0tail နဲ့ ပြိုင်ပွဲပေါင်းများစွာကို ထိပ်တိုက်ယှဉ်ပြိုင်ကစားခဲ့ဖူးသူများပါ။ TI8 ရဲ့ နောက်ဆုံးဂရင်းဖိုင်နယ်ပွဲကြီး ၅ ပွဲမှာ OG အသင်းဟာ သူတို့ ၂ ဦးပါဝင်တဲ့ PSG.LGD ကို အနိုင်ရပြီး ချန်ပီယံ aegis ကို ကိုယ်မြှောက်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းခဲ့ရဖူးပါတယ်။
ယခုအချိန်မှာတော့ ယင်းတို့ဟာ 4AM အသင်းအတွင်းမှာ Eurus, Yang နဲ့ RedPanda တို့လို ဒိတ်ဒိတ်ကြဲ ကစားသမားကြီးများနဲ့ ပေါင်းမိသွားကြပြီမို့ ပိုပြီးအင်အားကောင်းလာနိုင်ပါတယ်။ လက်ရှိအချိန်အထိတော့ 4AM အသင်းအနေနဲ့ ပြိုင်ပွဲစတင် မကစားကြရသေးတာမို့ ယင်းတို့ပွဲထွက်လာမယ့်အချိန်ကို ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

Somnus နဲ့ fy တို့ ထွက်ခွာလာခဲ့တဲ့ PSG.LGD ဟာလည်း နာမည်ကျော်ကစားသမားကြီးများကို ခေါ်ယူပြီး ပြန်လည်အားဖြည့်ထားပြန်ပါတယ်။ ယင်းတို့ကတော့ TI6 ကို Wings Gaming အသင်းသားများအနေနဲ့ အနိုင်ရရှိခဲ့တဲ့ Faith_bian နဲ့ y`တို့ဖြစ်ပြီး ထိပ်တန်းတရုတ်ကစားသမား Ame ဟာလည်း အသင်းအတွင်းရှိနှင့်ပြီးသားဖြစ်တာမို့ PSG.LGD ဟာလည်း လျော့တွက်လို့ မရတဲ့ အသင်းစာရင်းမှာ ပါဝင်နေပြန်ပါတယ်။
PSG.LGD ဟာ ကျင်းပပြီးစီးခဲ့တဲ့ China Dota 2 Pro Cup Season 1 ကို အနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး ဒုတိယရရှိခဲ့တာကတော့ EHOME အသင်းပါ။ N0tail ဟာ EHOME ကစားသမားဖြစ်သူ xNova ရဲ့ ယှဉ်ပြိုင်ကစားပုံကို ပြန်လည်မြင်တွေ့လိုကြောင်းနဲ့ fy နဲ့ ခွဲပြီး ကစားချိန်မှာ ဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်ကြောင်းတို့ကို ပြောသွားခဲ့ဖူးပါတယ်။
Eurus နဲ့ Yang တို့ကို လက်လွတ်ခဲ့ရတဲ့ Vici Gaming ဟာလည်း 23savage နဲ့ old eLeVeN တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့လို့ အလားအလာကောင်းများရှိလာနိုင်ပါတယ်။ တရုတ်အသင်းများဟာ ၂၀၁၇၊ ၂၀၁၈ နဲ့ ၂၀၁၉ တို့မှာ TI ဆုနဲ့ ၃ နှစ်တိတိ လွဲချော်ခဲ့လို့ ယခုလို အကြီးအကျယ်ပြင်ဆင်လာကြတာပါ။ အထူးသဖြင့် တရုတ် TI နှစ်လို့ လူအများက သတ်မှတ်ထားခဲ့ကြတဲ့ ၂၀၁၈ နဲ့ ၂၀၁၉ တို့မှာ ဥရောပအသင်းတစ်သင်းဖြစ်တဲ့ OG က ချန်ပီယံအဖြစ် ၂ နှစ်ဆက်ဗိုလ်စွဲလိုက်ခြင်းက တရုတ်တို့ကို Dota 2 လောကမှာ ပိုမိုကြိုးပမ်းစေဖို့ ဖိအားပေးလိုက်သလိုဖြစ်နေပါတယ်။
လက်ရှိအချိန်မှာတော့ Team Secret ဟာ ပြိုင်ပွဲကြီးပေါင်းများစွာကို အနိုင်ရပြီး Dota 2 လောကကို စိုးမိုးထားလျက်ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ တရုတ်အသင်းများနဲ့ ကစားသမားများရဲ့ ကြီးမားတဲ့ ပြင်ဆင်မှုများဟာ ကျင်းပဖို့အချိန်ဝေးကွာနေသေးတဲ့ TI10 ကို ယခုတည်းက ပရိသတ်များ မျှော်လင့်စောင့်စားနေစေဖို့ တိုက်တွန်းလိုက်သလိုဖြစ်နေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg