“Dota 2 ကစားသမားဘဝက အနားယူပြီးနောက် မွေးရပ်မြေမှာ စစ်မှုထမ်းဖို့ သွားရောက်တော့မယ့် Matumbaman”

 

TI7 ချန်ပီယံဟောင်းကစားသမားကြီးတစ်ဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဖင်လန်နိုင်ငံသား Lasse “Matumbaman” Urpalainen ဟာ မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ TI11 အတွင်းမှာ Team Liquid နဲ့အတူ တတိယနေရာကို ဆွတ်ခူးသွားခဲ့ပြီးနောက် ယခင်က ကြိုတင်ကြေညာထားခဲ့တဲ့အတိုင်း Dota 2 လောက ကနေ အနားယူသွားခဲ့ပါပြီ။ Matumbaman အနေနဲ့ ဒီလိုအနားယူဖို့ ကြေညာထားခဲ့တဲ့ ကာလအတော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အနားယူပြီးနောက်ပိုင်းမှာ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်ပရိသတ်အမြောက်အများဟာ Matumbaman ရဲ့ အနာဂတ်အစီအစဉ်အကြောင်းကို သိလိုလျက်ပြင်းပြလျက်ရှိကြပါတယ်။ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ဖင်လန်သတင်းစာ Ilta-Sanomat တစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်အတွင်းမှာတော့ Matumbaman ဟာ Dota 2 ကစားသမားဘဝကနေ အနားယူပြီးနောက် လာမယ့်ဇန်နဝါရီလအတွင်း မွေးရင်မြေ ဖင်လန်နိုင်ငံကိုပြန်ပြီး စစ်မှုထမ်းဖို့ အစီအစဉ်ရှိကြောင်း ဖြေကြားသွားခဲ့ပါတယ်။

ဖင်လန်နိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၆၀ နှစ်အရွယ် အမျိုးသားအားလုံးဟာ အချိန်အတိုင်းအတာတစ်ခုအထိ စစ်မှုထမ်းကြဖို့ လိုအပ်ပြီး ထမ်းဆောင်မယ့် တာဝန်နဲ့ လေ့ကျင့်ရေးများအပေါ်မူတည်ကာ ၁၆၅ ရက်ဖြစ်စေ ၂၅၅ ရက်ဖြစ်စေ ၃၄၇ ရက်ဖြစ်စေ ကြာမြင့်လေ့ရှိပါတယ်။ ဒါကြောင့် Matumbaman ဟာ ဖင်လန်စစ်တပ်အတွင်းမှာ အနည်းဆုံး ၅ လခန့် စစ်မှုထမ်းသွားဖို့ရှိတယ်လို့ ခန့်မှန်းယူဆရပါတယ်။

Matumbaman ပါဝင်တဲ့ Team Liquid ဟာ TI11 မှာ ဂရင်းဖိုင်နယ်အထိ မတက်ရောက်နိုင်ခဲ့ပေမယ့် lower bracket တစ်လျှောက် ကောင်းစွာကျော်ဖြတ်နိုင်ခဲ့သလို Team Secret နဲ့ နောက်ဆုံးပွဲစဉ်များမှာလည်း ပြောင်မြောက်တဲ့ကစားကွက်များကို ပြသသွားခဲ့ပါတယ်။ ပရိသတ်များဟာ Matumbaman အနားမယူခင်အခိုက်အတန့်လေးမှာ TI11 အတွင်း ကြိုးပမ်းကစားပြီး တတိယနေရာအထိ ဆွတ်ခူးသွားနိုင်ခဲ့တာကို မြင်တွေ့ကြရပြီးနောက် ဝမ်းနည်းဝမ်းသာလည်း ဖြစ်ခဲ့ကြရပါတယ်။

Matumbaman ဟာ Dota 2 ကစားသမားဘဝတစ်လျှောက်မှာ အောင်မြင်မှုများစွာကို ရရှိခဲ့ဖူးသူဖြစ်ပြီး TI7 ချန်ပီယံဘွဲ့အပြင် Epicenter 2016 နဲ့ 2017, တရုတ် Dota2 Supermajor, DreamLeague Season 13 စတာတွေကိုလည်း အနိုင်ရရှိခဲ့ပါတယ်။ သူဟာ ပုံမှန်ကစားလေ့ရှိတဲ့ carry role ကိုသာမက midlane role ကိုလည်း ကျွမ်းကျင်ပိုင်နိုင်လှသူဖြစ်ပြီး ယူနစ်များစွာကို ထိန်းချုပ်ရတဲ့ Lone Druid, Broodmother, Lycan စတဲ့ ဟီးရိုးများကို အမြောက်အများကစားသွားခဲ့ဖူးပါတယ်။

စစ်မှုထမ်းပြီးနောက်မှာတော့ Matumbaman ဟာ သူဝါသနာပါတဲ့အရာလေးများကို လုပ်ကိုင်ကာ အေးချမ်းစွာအနားယူနေထိုင်သွားလိမ့်မယ်လို့ ပရိသတ်အမြောက်အများက ထင်ကြေးပေးခန့်မှန်းထားကြပါတယ်။ Dota 2 လောကအတွင်းက ဂန္ထဝင် carry ကစားသမားကြီး Matumbaman ရဲ့ အနားယူပြီး လတ်တလောအစီအစဉ်အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, dotesports