“မိန်းမမုန်းတီးရေးသမားတစ်ဦးနဲ့ ပတ်သက်မိတာကြောင့် ရာထူးကနေ အနားယူသွားခဲ့ရတဲ့ G2 Esports ရဲ့ CEO”

 

G2 Esports ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို CEO အဖြစ်လည်း တာဝန်ယူထားတဲ့ Carlos “ocelote” Rodriguez ဟာ မကြာသေးမီကတော့ အဖွဲ့အစည်းရဲ့ CEO ရာထူးကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ G2 Esports ရဲ့ CEO အဖြစ် အဖွဲ့အစည်းစတင်တည်ထောင်တဲ့ ၂၀၁၅ ခုနှစ်တည်းက တာဝန်ယူလာခဲ့သူ Rodriguez ဟာ ယခုလအတွင်းမှာတော့ ပြဿနာအချို့ကို ရင်ဆိုင်ခဲ့ရပြီး ယခုလို အနားမယူခင် ရက်အနည်းငယ်အလိုတည်းက အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အရ ရာထူးကနေ ရက်သတ္တပတ် ၈ ပတ်ကြာ အနားပေးခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Rodriguez ရဲ့ ဒီအနားယူမှုဟာ ယခုလအတွင်း တွစ်တာပေါ်မှာ သူကိုယ်တိုင်တင်ခဲ့တဲ့ဗီဒီယိုတစ်ခုနဲ့ များစွာဆက်စပ်မှုရှိနေပါတယ်။ ယင်းဗီဒီယိုအတွင်းမှာတော့ သူနဲ့ မိန်းမမုန်းတီးရေးသမားတစ်ဦးဖြစ်သူ Andrew Tate တို့ ပါတီပွဲတစ်ခုကို အတူတကွဆင်နွှဲနေပုံများ ပါဝင်ခဲ့ပြီး ဒီကိစ္စကြောင့် ပရိသတ်အမြောက်အများရဲ့ ဝေဖန်ကဲ့ရဲ့မှုများ ပေါ်ပေါက်ခဲ့ရပါတယ်။

Andrew Tate

G2 Esports ရဲ့ Rodriguez အနားယူကြောင်း ကြေညာချက်အတွင်းမှာလည်း အဖွဲ့အစည်းအနေနဲ့ မိန်းမမုန်းတီးရေးဝါဒီကို မည်သို့သောပုံစံနဲ့မှ လက်ခံမှာမဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။ Rodriguez ကိုယ်တိုင် တင်ထားခဲ့တဲ့ ကြေညာချက်ဗီဒီယိုအတွင်းမှာတော့ သူ့အနေနဲ့ ဖြစ်ခဲ့သမျှကိစ္စအားလုံးကို တာဝန်ယူသွားမှာဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေဖြစ်လာတဲ့အတွက် ပြင်းထန်စွာ ခံစားရကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Rodriguez ဟာ Andrew Tate နဲ့အတူ ရိုက်ကူးထားတဲ့ဗီဒီယိုကို တင်ပြီးနောက် ပရိသတ်ဝေဖန်မှုများပေါ်ပေါက်လာချိန်မှာ သူ့အနေနဲ့ ကြိုက်တဲ့သူနဲ့ ပါတီပွဲဆင်နွှဲမှာဖြစ်ပြီး သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို မည်သူမှတားလို့မရကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ Andrew Tate ဟာ ဆိုရှယ်မီဒီယာများပေါ်မှာ မိန်းမမုန်းတီးရေးသမားတစ်ဦးအဖြစ်သာမက လူကုန်ကူးမှုနဲ့ လိမ်လည်မှုများကို ကျူးလွန်ခဲ့သူတစ်ဦးအဖြစ်ပါ နာမည်ဆိုးနဲ့ ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။

G2 CEO Carlos “ocelote” Rodríguez

Rodriguez ရဲ့ Andrew Tate နဲ့ ပတ်သက်မှုဟာ G2 Esports ကို VALORANT Champions Tour 2023 လိဂ်ပွဲကစားခွင့်အားလုံးဆုံးရှုံးစေခဲ့တယ်လို့ လေ့လာသူများက ဆိုကြပါတယ်။ G2 Esports ဟာ ဒီအခွင့်အရေးအတွက် Riot Games ထံကို လျှောက်လွှာတင်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး ဒီကိစ္စမတိုင်မီကတော့ G2 Esports ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ဖူးတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

G2 Esports ဟာ လာမယ့်လအတွင်း ကျင်းပမယ့် League of Legends World Championship 2022 မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး Rodriguez အနေနဲ့ ဒီကိစ္စကို မထိခိုက်လာခင် CEO အဖြစ်က အနားယူလိုက်ရတာဖြစ်တယ်လို့လည်း အချို့က သုံးသပ်ထားကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: pcgamer, dotesports