One Punch Man နဲ့ ပူးပေါင်းလိုက်တဲ့ Free Fire
Garena ရဲ့ Free Fire ဂိမ်းဟာ နာမည်ကျော်အနုပညာရှင်များ၊ အားကစားသမားများ၊ ရုပ်ရှင်များ၊ ဂျပန် anime များနဲ့ ပူးပေါင်းမှုများ မကြာခဏပြုလုပ်လေ့ရှိတာကို FPS ဂိမ်းပရိသတ်များ သတိထားမိကြမှာပါ။ Free Fire ဟာ ထွက်ရှိပြီးခဲ့တဲ့ Operation Chrono Update အတွင်း နာမည်ကျော်ဘောလုံးသမား Cristiano Ronaldo နဲ့ ပူးပေါင်းခဲ့သလို ယခုလည်း ပရိသတ်သည်းခြေကြိုက် ဂျပန် manga နဲ့ anime ဖြစ်တဲ့ One Punch Man နဲ့ ပူးပေါင်းလိုက်ပြန်ပါပြီ။
နာမည်ကျော် manga အနုပညာရှင် ONE ရဲ့ One Punch Man ဟာ manga မှာရော anime မှာပါ အလွန်အောင်မြင်လှတဲ့ စီးရီးတစ်ခုပါ။ ယင်းစီးရီးရဲ့ အဓိကဇာတ်လိုက်ဖြစ်သူကတော့ မည်သည့် ပြိုင်ဘက်ကိုမဆို တစ်ချက်တည်းနဲ့ အလဲထိုးအနိုင်ယူနိုင်တဲ့ စူပါဟီးရိုးကြီး Saitama ဖြစ်ပြီး ဇာတ်လမ်းအတွင်း သူနဲ့ အမှန်တကယ်ယှဉ်ပြိုင်နိုင်မယ့်သူကို ရှာဖွေရင်း တရားမျှတမှုအတွက် တိုက်ခိုက်ပုံများကို ပုံဖော်ထားတာဖြစ်ပါတယ်။
Free Fire နဲ့ One Punch Man တို့ ပူးပေါင်းရာမှာတော့ အဓိကအားဖြင့် ဂိမ်းတွင်း emote သစ် ၂ ခု ပါဝင်လာမှာပါ။ ပထမ emote ကို “I’m Saitama” လို့ အမည်ပေးထားပြီး အသုံးပြုသူရဲ့ ဂိမ်းဇာတ်ကောင်မှာ Saitama ဦးခေါင်းပုံစံ ပြောင်းလဲပေးမှာဖြစ်ပါတယ်။
ဒုတိယမြောက် emote ကတော့ “Obliteration” လို့ အမည်ရပြီး Saitama လက်သီးထိုးတဲ့ပုံစံကို လေပွေတစ်ခုနဲ့အတူ ပုံဖော်ထားပါတယ်။ ဒီ emote များဟာ နိုဝင်ဘာလအတွင်း advanced server ပေါ်မှာ စတင်ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ regular server များကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ Chrono လို့ အမည်ပေးထားတဲ့ ဂိမ်းတွင်းဇာတ်ကောင်သစ် ထွက်ပေါ်လာဦးမှာ ဖြစ်ကြောင်းကိုလည်း ကြေညာထားပါသေးတယ်။ Free Fire နဲ့ One Punch Man တို့ရဲ့ ပူးပေါင်းမှုက ထွက်ပေါ်လာတဲ့ emote များဟာ စိတ်ဝင်စားစရာကောင်းတာမို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: afkgaming