ကမ္ဘာ့ပထမဆုံး အိုလံပစ် Esports ရက်သတ္တပတ်ကို ၂၀၂၃ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပမည်

 

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဟာ ပထမဆုံးအကြိမ် အိုလံပစ် Esports ရက်သတ္တပတ်ကို လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်နေ့အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ စင်ကာပူအမျိုးသားအိုလံပစ်ကော်မတီ (SNOC), စင်ကာပူယဉ်ကျေးမှု အသိုင်းအဝိုင်းနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာန၊ စင်ကာပူအားကစားအဖွဲဲ့အစည်းတို့နဲ့အတူ ပူးပေါင်းပြုလုပ်သွားမယ့် ဒီရက်သတ္တပတ်အတွင်းမှာ တကယ့်အားကစားနည်းများကို အတုယူပြုလုပ်ထားတဲ့ အီလက်ထရောနစ်အားကစားနည်း (virtual and simulated sports) များ ပါဝင်လာမှာဖြစ်သလို ဆွေးနွေးပွဲများ၊ လေ့လာသင်ယူရေးအစီအစဉ်များ၊ ပြပွဲများအပြင် နောက်ဆုံးပေါ်နည်းပညာများကိုပါ ထည့်သွင်းသွားမှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

၄ ရက်တာ ကြာမြင့်မယ့် ဒီ အိုလံပစ် Esports ရက်သတ္တပတ်အတွင်း အဓိကပါဝင်လာမှာကတော့ အပြည်ပြည်ဆိုင်ရာအားကစားဖက်ဒရေးရှင်း (IFs) နဲ့အတူ ပြုလုပ်ကျင်းပသွားမယ့် အိုလံပစ် Esports စီးရီးပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်များပါ။ ဒီပွဲစဉ်များဟာ virtual and simulated sports ပြိုင်ပွဲများအားလုံးအနက် ကမ္ဘာ့ပထမဆုံးသော လူကိုယ်တိုင်လာရောက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်များအဖြစ် ပေါ်ထွက်လာမှာလည်းဖြစ်ပါတယ်။

Olympic Virtual Series

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း IFs က ဦးဆောင်ကျင်းပခဲ့တဲ့ အိုလံပစ် Virtual စီးရီးပြိုင်ပွဲဟာ နိုင်ငံပေါင်း ၁၀၀ ကျော်က ပြိုင်ပွဲဝင်ပေါင်း ၂၅၀,၀၀၀ ကျော်အထိ ရရှိခဲ့လို့ အလွန်အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ယင်းပြိုင်ပွဲအတွင်း ပါဝင်ခဲ့တဲ့ virtual sports အမျိုးအစားများကတော့ ပြိုင်ကားမောင်း၊ စက်ဘီးစီး၊ လှေလှော်၊ ရွက်လှေ၊ ဘေ့စ်ဘော စတာတွေပဲ ဖြစ်ကြပါတယ်။

ဒီအကြောင်းများနဲ့ ပတ်သက်လို့ IOC ရဲ့ ဥက္ကဌဖြစ်သူ Thomas Bach က ယခု အိုလံပစ် Esports ရက်သတ္တပတ်ဟာ အိုလံပစ်လှုပ်ရှားမှုအတွင်း virtual sports များ ထင်ရှားစွာပါဝင်လာတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီ အိုလံပစ် Esports ရက်သတ္တပတ်ဟာ Esports ကစားသမားများ၊ Esports ပရိသတ်များနဲ့ အတူတကွပူးပေါင်းမှုများကို အနာဂတ်မှာ ဆက်လက်ပြုလုပ်နိုင်စေမယ့် အခွင့်အလမ်းသစ်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ စင်ကာပူနိုင်ငံဟာ ၂၀၁၀ ခုနှစ် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပပြီး အိုလံပစ်လှုပ်ရှားမှုမှာ များစွာပါဝင်ခဲ့ဖူးတဲ့အတွက် ယခုပူးပေါင်းမှုဟာ သင့်တော်လှသလို အနာဂတ်ပူးပေါင်းမှုများ ​ထပ်မံပြုလုပ်သွားဦးမှာဖြစ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

Esports at Asian Games 2018

IOC ရဲ့ ဒုတိယဥက္ကဌနဲ့ SNOC အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ng Ser Miang ကတော့ SNOC ဟာ အိုလံပစ်လှုပ်ရှားမှုရဲ့ ရည်မှန်းချက်အတိုင်း virtual sports များ တိုးတက်လာရေးအတွက် လုပ်ဆောင်နေပါကြောင်း၊ စင်ကာပူဟာ ကြီးမားတဲ့ Esports ပွဲကြီးများကို လက်ခံကျင်းပခဲ့ဖူးတဲ့ သာဓကများစွာရှိကြောင်း၊ IOC နဲ့ ယခုလိုပူးပေါင်းနိုင်မှုအတွက် ဂုဏ်ယူပါကြောင်း အစရှိသဖြင့်ပြောသွားခဲ့ပါတယ်။

IOC ဟာ virtual sports များကို အိုလံပစ်လှုပ်ရှားမှုအတွင်း ထည့်သွင်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်များစွာတည်းက ကြိုးပမ်းနေခဲ့တာပါ။ ဒါပေမယ့် IOC ရဲ့ သဘောထားအရ လက်ရှိအချိန် Esports လောကမှာ ခေတ်စားနေတဲ့ ဗီဒီယိုဂိမ်းများ အိုလံပစ်လှုပ်ရှားမှုအတွင်း ကျယ်ပြန့်စွာပါဝင်လာနိုင်ဖို့ကတော့ ဝေးကွာနေသေးကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ အိုလံပစ် Esports ရက်သတ္တပတ်နဲ့ အိုလံပစ် Esports စီးရီးပြိုင်ပွဲအကြောင်း အသေးစိတ်အချက်အလက်များကို ၂၀၂၃ ခုနှစ်အစောပိုင်းမှာမှ သိရှိနိုင်ကြမှာဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: forbes, olympics website