“T1 အသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ Faker”

 

ကမ္ဘာ့အကောင်းဆုံး League of Legends ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရထားသူ အသက် ၂၆ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား Lee “Faker “ Sang-hyeok ဟာ လက်ရှိ T1 အသင်းကနေ ရွှေ့ပြောင်းသွားနိုင်ခြေရှိနေကြောင်း နိုင်ငံတကာ Esports သတင်းမီဒီယာများမှာ မကြာသေးမီက ဖော်ပြလာကြပါတယ်။ Faker ဟာ T1 အသင်းမှာ ကစားလာခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ယခုရက်သတ္တပတ်အတွင်းမှာတော့ T1 အသင်းနဲ့ တရားဝင်စာချုပ်သက်တမ်းကုန်လွန်သွားခဲ့ပြီဖြစ်လို့ တောင်ကိုရီးယား LCK ကနေ မြောက်အမေရိက LCS ကို ရွှေ့ပြောင်းသွားနိုင်ကြောင်းသတင်းများ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Blix.gg ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Faker ကို ကမ်းလှမ်းခဲ့တဲ့ LCS အသင်းကြီးများကတော့ Team Liquid နဲ့ FlyQuest တို့ဖြစ်ပြီး Team Liquid ဆိုရင် တရားဝင်ကမ်းလှမ်းမှုတောင် ပြုလုပ်ခဲ့သလို Faker ကိုယ်တိုင်ဟာလည်း ဒေသစုံက ကမ်းလှမ်းမှုပေါင်းစုံကို ချင့်ချိန်စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ Faker အသင်းပြောင်းနိုင်ကြောင်း ကောလဟလထွက်ပေါ်ခဲ့ပြီး နောက်ဆုံးမှာတော့ T1 အသင်းနဲ့ပဲ ထပ်မံစာချုပ်ချုပ်ဆိုသွားတဲ့ ပုံစံမျိုးဖြစ်လာနိုင်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။

2016 LoL World Champion

Team Liquid ဟာ Faker ရဲ့ အသင်းဖော်ဟောင်းကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူ Jang “MaRin” Gyeong ကို နည်းပြအဖြစ် ခေါ်ယူထားတာကြောင့် Faker တစ်ယောက် Team Liquid ဆီ ရွှေ့ပြောင်းသွားနိုင်ကြောင်း အချို့က ထင်ကြေးပေးခန့်မှန်းလာကြပါတယ်။ အချို့ပရိသတ်များကတော့ Faker ဟာ နှစ်ပေါင်းများစွာ အောင်မြင်မှုအမြောက်အများရရှိခဲ့ဖူးရာ T1 အသင်းကို စွန့်ခွာသွားမှာမဟုတ်ကြောင်း သုံးသပ်ကြပါတယ်။

ယခုနှစ်အတွင်း Faker နဲ့ T1 အသင်းတို့ဟာ 2022 World Championship ရဲ့ ဂရင်းဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့သလို LCK Spring 2022 ကိုလည်း အနိုင်ရခဲ့ပြီး Mid-Season Invitational 2022 နဲ့ LCK Summer 2022 တို့မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ 2022 World Championship ရဲ့ ဂရင်းဖိုင်နယ်အတွင်း T1 အသင်းဟာ အခြားတောင်ကိုရီးယားအသင်းတစ်သင်းဖြစ်တဲ့ DRX ကို ရှုံးနိမ့်ခဲ့ရပေမယ့် Bo5 ငါးပွဲလုံးအပြည့်ကစားကာ ပရိသတ်ကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။

Faker ဟာ အတိတ်မှာ ၂၀၁၃၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်များအတွင်း World Championship များကို ၃ ကြိမ်တိုင်အောင် အနိုင်ရခဲ့ဖူးတဲ့ ဂန္ထဝင်ကစားသမားကြီးဖြစ်သလို လက်ရှိအချိန်ထိလည်း စွမ်းဆောင်ရည်ကျသွားခြင်းမရှိသေးပဲ ထိပ်တန်း midlaner ကစားသမားအဖြစ် ရပ်တည်နေဆဲပါ။ သူရဲ့ ကစားနိုင်စွမ်းဟာ ကောင်းမွန်လွန်းလို့ တောင်ကိုရီးယား League of Legends အသိုင်းအဝိုင်းမှာ “မသေနိုင်သော နတ်ဆိုးဘုရင်” (Unkillable Demon King) ဆိုတဲ့ နာမည်ပြောင်နဲ့ ကျော်ကြားသူလည်းဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းက Faker ဟာ တစ်နှစ်လျှင် ဒေါ်လာသန်း ၂၀ အထိရရှိမယ့် LPL အသင်းတစ်သင်းရဲ့ စာချုပ်ကို ငြင်းဆိုခဲ့ဖူးကြောင်း T1 အသင်းရဲ့ CEO ဖြစ်သူ Joe Marsh က ပြောခဲ့ဖူးတာကြောင့် အသင်းရွှေ့ပြောင်းမှုအမှန်တကယ်ဖြစ်လာခဲ့ရင် Faker ရရှိမယ့် ငွေပမာဏဟာ စံချိန်တင်လောက်အောင် များပြားမှာဖြစ်ကြောင်း လေ့လာသူများက ဆိုထားကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: blix, dexerto, oneesports, ign