“CS:GO လောကရဲ့ ပထမဆုံးသော ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၂ သန်းကျော် ဆွတ်ခူးနိုင်သူဖြစ်လာတဲ့ Dupreeh”

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်နိုင်ငံသား Peter ‘Dupreeh’ Rasmussen ဟာ Team Vitality ရဲ့ CS:GO ကစားသမားတစ်ဦးဖြစ်ပြီး မကြာသေးမီကတော့ သူဟာ အသင်းနဲ့အတူ ESL Pro League Season 16 ကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲအပြီးမှာ Team Vitality တို့ဟာ ဆုကြေးငွေ ဒေါ်လာ ၂ သိန်းကို ဆွတ်ခူးနိုင်ခဲ့သလို Dupreeh ဟာလည်း CS:GO လောကရဲ့ ပထမဆုံးသော ဆုကြေးငွေအားလုံးပေါင်း ဒေါ်လာ ၂ သန်းကျော် ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Team Vitality CSGO

Esports Earnings ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာ Dupreeh ဟာ Esports လောကရဲ့ ထိပ်ဆုံး ၃၆ ယောက်မြောက် ဝင်ငွေအများဆုံးကစားသမားနေရာမှာ ရပ်တည်နေသလို လက်ရှိအချိန် CS:GO ကနေ ဆုကြေးငွေအများဆုံးရရှိထားသူလည်း ဖြစ်လာခဲ့ပါတယ်။ စာရင်းအရ Dupreeh ရဲ့ နောက်မှာ ရပ်တည်နေတဲ့ CS:GO ကစားသမားများကတော့

Andreas ‘Xyp9x’ Hojsleth – ဒေါ်လာ ၁.၉၇ သန်း
Nicolai ‘dev1ce’ Reedtz – ဒေါ်လာ ၁.၉၂ သန်း
Lukas ‘gla1ve’ Rossander – ဒေါ်လာ ၁.၈၂ သန်း
Alexander ‘s1mple’ Kostylev – ဒေါ်လာ ၁.၆၆ သန်း
Emil ‘Magisk’ Reif – ဒေါ်လာ ၁.၆ သန်း
Denis ‘electroNic’ Sharipov – ဒေါ်လာ ၁.၅၁ သန်း
Finn ‘karrigan’ Andersen – ဒေါ်လာ ၁.၃၂ သန်း
တို့ပဲ ဖြစ်ကြပါတယ်။

Astralis CSGO Old Roster

Dupreeh ဟာ CS:GO စတင်ထွက်ရှိပြီး မကြာမီမှာပဲ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်လို့ ပြိုင်ပွဲလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ကျင်လည်ခဲ့ဖူးသူတစ်ဦးပါ။ ၂၀၁၈ နှစ်ဦးပိုင်းကနေ ၂၀၁၉ နှစ်ဦးပိုင်းအထိကာလဟာ Dupreeh အတွက် ရွှေရောင်လွှမ်းတဲ့အချိန်များဖြစ်ခဲ့ပြီး ပြိုင်ပွဲပေါင်းများစွာကို ဆက်တိုက်ဆိုသလို အနိုင်ယူနိုင်ခဲ့ပါတယ်။ ယင်းကာလအတွင်း Dupreeh ရဲ့ ထင်ရှားတဲ့ အနိုင်ရရှိမှုများကတော့

DreamHack Masters Marseille 2018 (ဒေါ်လာ ၁ သိန်း)
ESL Pro League Season 7 (ဒေါ်လာ ၂.၅ သိန်း)
Esports Championship Series S5 (ဒေါ်လာ ၂.၅ သိန်း)
ELEAGUE CSGO Premier 2018 (ဒေါ်လာ ၅ သိန်း)
FACEIT Major: London 2018 (ဒေါ်လာ ၅ သိန်း)
BLAST Pro Series: Istanbul 2018 (ဒေါ်လာ ၁.၂၅ သိန်း)
IEM XIII (ဒေါ်လာ ၁ သိန်း)
Esports Championship Series S6 (ဒေါ်လာ ၂.၅ သိန်း)
ESL Pro League Season 8 (ဒေါ်လာ ၂.၅ သိန်း)
IGS Season 1 (ဒေါ်လာ ၁ သန်း)
BLAST Pro Series: Lisbon 2018 (ဒေါ်လာ ၁.၂၅ သိန်း)
IEM Katowice 2019 (ဒေါ်လာ ၅ သိန်း)
BLAST Pro Series: Sao Paulo 2019 (ဒေါ်လာ ၁.၂၅ သိန်း)
စတာတွေပဲ ဖြစ်ကြပါတယ်။

Esports လောကအတွင်း ဝင်ငွေများပြားတဲ့ ကစားသမားအများစုဟာ Dota 2 ရဲ့ The International ပြိုင်ပွဲများကို အနိုင်ရရှိခဲ့တဲ့ ကစားသမားများပါ။ ယင်းတို့နဲ့ နှိုင်းယှဉ်ရင် Dupreeh ရရှိထားတဲ့ ဆုကြေးငွေပမာဏဟာ နည်းနေသေးတယ်လို့ ဆိုနိုင်ပေမယ့် first-person shooter နဲ့ CS:GO ပြိုင်ပွဲလောကမှာတော့ ပြောစမှတ်တွင်လောက်တဲ့ မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

ESL Pro League Season 16 မတိုင်မီ ယခုနှစ်အတွင်းမှာတော့ Team Vitality တို့ဟာ ပြိုင်ပွဲများမှာ အဆင့်ကောင်းဖို့ ခက်ခဲနေခဲ့ပြီး ESL Pro League Season 15 မှာတုန်းကဆိုရင် အဆင့် ၁၄ နေရာကိုသာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ယခုလို Season 16 ကို အနိုင်ရရှိလိုက်ခြင်းက Dupreeh အတွက် ဆုကြေးငွေအားလုံးပေါင်း ဒေါ်လာ ၂ သန်းကျော်သွားစေခဲ့သလို အသင်းအတွက်လည်း BLAST World Final နဲ့ IEM Katowice 2023 တို့ကို ဝင်ရောက်ခွင့်ရောက်ရှိသွားစေလို့ ချိုမြိန်တဲ့ အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

မျက်မှောက်ခေတ် CS:GO လောကမှာ ပြိုင်ပွဲအလွန်များပြားပြီး တစ်နှစ်လျှင် ပွဲပေါင်းရာချီ ကျင်းပလေ့ရှိတာမို့ Dupreeh ရဲ့ စံချိန်ကိုချိုးမယ့်ကစားသမားများ သိပ်မကြာမီမှာပဲ ပေါ်ပေါက်လာနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ CS:GO ကစားသမားတစ်ဦးဖြစ်တဲ့ Dupreeh ရဲ့ အောင်မြင်မှုတစ်ခုကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: esports.net, esports earnings, hltv, liquipedia