Dota2 လောကရဲ့ အမျိုသမီး Panelist အသစ်စက်စက် “Ephey” အကြောင်း တစ်စေ့တစ်စောင်း

 

ယခုလ အစောပိုင်းအတွင်း စတင်ကျင်းပခဲ့တဲ့ WePlay AniMajor ဟာ Dota 2 အသင်းများအတွက် TI10 ပြိုင်ပွဲကြီးဆီ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေးပါ။ ဒါကြောင့် ပွဲစဥ်များအတွင်း ကစားသမားများဟာ အကြိတ်အနယ်ကြိုးပမ်းယှဥ်ပြိုင်နေခဲ့ကြသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီပြိုင်ပွဲရဲ့ ပုံရိပ်ကို ဂျပန် anime အငွေ့အသက်များနဲ့ ထူးခြားစွာ ဖန်တီးထားတာကိုလည်း ပရိသတ်များ သတိထားမိကြမှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ anime အသွင်အ​ပြင် panel များအတွင်း လိုက်ဖက်ညီစွာ ပါဝင်လာသူကတော့ ချောမောလှပတဲ့ အမျိုးသမီး panelist အသစ်တစ်ဦးဖြစ်သူ Mira “Ephey” Riad ပါ။ Ephey ကို panelist အဖြစ် မြင်တွေ့ရတာ ယခုအကြိမ်ဟာ ပထမဆုံးဖြစ်ပေမယ့် သူမ အနေနဲ့ Dota 2 လောကအတွင်း ရောက်ရှိနေတာကတော့ ဆယ်စုနှစ်တစ်ခုခန့်ရှိလာခဲ့ပါပြီ။

Ephey ဟာ ဂျော်ဒန် Dota 2 ကစားသမား Feero နဲ့ မောင်နှမတော်စပ်သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ သူငယ်ချင်းဖြစ်သူ Samer ရဲ့ တိုက်တွန်းမှုကြောင့် dotA all-stars ကို စတင်ကစားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ephey ဟာ ထိုအချိန်က စ လို့ Dota ကို နှစ်သက်စွာ ကစားလာခဲ့တာဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင် Twitch ချန်နယ်မှာလည်း stream များ လွှင့်ခဲ့ဖူးပါတယ်။ (https://www.twitch.tv/ephey)

Ephey ရဲ့ များပြားတဲ့ Dota 2 ဗဟုသုတနဲ့ ကျွမ်းကျင်မှုများကို နောက်ပိုင်းမှာ လူအများ သတိထားမိလာကြလို့ ပြီးခဲ့တဲ့ WePlay Omega League မှာ panelist တစ်ဦးအဖြစ် စတင်ဝင်ရောက်ဖို့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက Covid-19 ရဲ့ ရိုက်ခတ်မှု ပြင်းထန်နေချိန်ဖြစ်လို့ Ephey တစ်ယောက် အိမ်မှာပဲနေခဲ့ရပြီး ပြိုင်ပွဲဆီ သွားရောက်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ယခု WePlay AniMajor ရောက်မှာသာ Ephey ကို panelist အဖြစ် စတင်မြင်တွေ့ကြရတာပါ။ လက်ရှိမှာ သူမကို ပရိသတ်များက လက်ခံအားပေးလာကြပေမယ့် စတင်ချိန်မှာ panelist အတွေ့အကြုံလုံးဝမရှိသေးတဲ့အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။

Ephey ရဲ့ အဆိုအရ သူမဟာ အချိန်ကာလအတော်ကြာအောင် stream များ လွှင့်လာခဲ့ပေမယ့် ဝေဖန်မှုများကို ခံခဲ့ရဖူးသလို steamer အဖြစ် ရပ်တည်နေချိန်မှာ မေးလ်နဲ့ Instagram အကောင့်များကိုလည်း hack ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ မိန်းကလေးတစ်ဦးအတွက် Esports လောကအတွင်း ရပ်တည်ရတာ အခက်အခဲများစွာရှိပေမယ့် နောက်ပိုင်းမှာတော့ အားလုံးကို သည်းခံကျော်ဖြတ်နိုင်အောင် ကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

Panelist အများစုဟာ ယခင်က pro ကစားသမားများ သို့မဟုတ် caster များအဖြစ် Dota 2 လောကအတွင်း ကျင်လည်ခဲ့ကြသူများဖြစ်ပေမယ့် Ephey အတွက်တော့ pub အတွေ့အကြုံများသာရှိခဲ့ပါတယ်။ ဒါကြောင့် pro ပွဲများအကြောင်း သုံးသပ်ရာမှာ pub နဲ့ မကိုက်ညီမှာကို အလွန်စိုးရိမ်ခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ ယင်းအတွေ့အကြုံဗဟုသုတများဟာ အလွန်အသုံးဝင်သလို Capitalist, Fogged, AUI စတဲ့ ဝါရင့် panelist တွေဟာလည်း စကားပြောရ အလွန်အဆင်​ပြေတယ်လို့ သူမ က ဆိုပါတယ်။

Dota 2 လောကအတွင်း ပရိသတ်များက အားနည်းကြောင်း သတ်မှတ်ခံထားရတဲ့အသင်းများ တဖြည်းဖြည်းအားကောင်းလာခြင်းဟာ အလွန် anime ဆန်တယ်လို့ Ephey က ဆိုပါတယ်။ သူမ ဟာ မူလက အလွန်စိတ်လှုပ်ရှားတတ်တဲ့သူတစ်ယောက်ဖြစ်လို့ ယခုလို လူအများရှေ့မှာ စကားပြောရတဲ့ panelist တစ်ဦးဖြစ်လာဖို့ ခက်ခဲခဲ့ပေမယ့် အားပေးသူများရှိခဲ့တဲ့အတွက် အကောင်းဆုံးကြိုးပမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

Ephey ဟာ Dota 2 လောကအတွင်းက Sheever, Demon Slayer anime ထဲက Tanjiro နဲ့ အမေရိကန်နိုင်ငံရေးလောကအတွင်းက Bernie Sanders တို့ကို သူမရဲ့ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမ ကို panelist တစ်ဦးဖြစ်လာအောင် အားပေးခဲ့တဲ့ Kyle နဲ့ panel တိုင်းကို ကြည့်ရှုအားပေးတဲ့ မောင်ငယ်ဖြစ်သူ Rudy တို့ကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။ Dota 2 လောကအတွင်းက အမျိုးသမီး panelist အသစ်စက်စက်တစ်ဦးဖြစ်သူ Ephey အကြောင်း တစ်စေ့တစ်စောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: gosugamers

Photos credit to Weplay Holding