“Dota 2 custom game သစ် Ability Arena ကို ဖန်တီးဖြစ်ခဲ့ပုံအကြောင်း ပြောပြခဲ့တဲ့ SUNSfan နဲ့ Jenkins”

 

၂၀၁၉ ခုနှစ် အစောပိုင်းကာလမှာ Dota 2 ရဲ့ custom game များအတွင်း Dota Auto Chess လို့ အမည်ရတဲ့ဂိမ်းသစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ Dota 2 ထဲက ဟီးရိုးများအပေါ်အခြေခံပြီး ဖန်တီးထားတဲ့ဒီဂိမ်းဟာ စတင်ကစားရလွယ်ကူသလို ကစားသူများ နှစ်သက်ရာ နည်းဗျူဟာများကို အသုံးချနိုင်စွမ်းလည်းရှိတာကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်များရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပြီး auto battler ဂိမ်းအမျိုးအစားကိုလည်း ဂိမ်မာများကြား တစ်ခေတ်ဆန်းစေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Auto Chess ကို ဖန်တီးခဲ့သူများဟာ သီးခြားဂိမ်းတစ်ခုအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် Valve အပါအဝင် MOBA ဂိမ်းပိုင်ရှင်ကုမ္ပဏီများဟာ ကိုယ်ပိုင် auto battler ဂိမ်းများကို ထုတ်လုပ်ခဲ့ကြပါတယ်။ ယင်းတို့ကတော့ Valve ရဲ့ Dota Underlords, Riot Games ရဲ့ Teamfight Tactics, Tencent ရဲ့ Chess Rush စတာတွေပဲဖြစ်ပြီး ယင်းတို့ဟာလည်း ထိုက်သင့်တဲ့ အောင်မြင်မှုများကို ရရှိခဲ့ကြပါတယ်။

ဒါပေမယ့် ဒီဂိမ်းတွေအားလုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပါဝင်တဲ့အရာဝတ္ထုတွေနဲ့ ဂရပ်ဖစ်တွေ ကွာခြားနေပေမယ့် ကစားပုံကစားနည်းကတော့ အလွန်တူညီနေတာကို တွေ့ရမှာပါ။ ဒါကြောင့် လက်ရှိအချိန်မှာတော့ auto battler ဂိမ်းအမျိုးအစားဟာ ကစားသူများအတွက် ရိုးအီကာ လူကြိုက်များမှု ပြန်လည်လျော့ကျလာလျက်ရှိပြီး အခြားဂိမ်းအမျိုးအစားများနဲ့ နှိုင်းယှဉ်ရင် ကစားသူတဖြည်းဖြည်းနည်းပါးလာခဲ့ပါတယ်။

Dota 2 caster တစ်ဦးဖြစ်တဲ့ Shannon “SUNSfan” Scotten ရဲ့ အဆိုအရ သူဟာ Dot​a 2 custom game အတွင်းက auto battler တစ်ခုဖြစ်တဲ့ Atomic War ကို ဆော့ကစားခဲ့ပြီးနောက် ယင်းဂိမ်းတွင်းစနစ်အပေါ် နှစ်သက် သဘောကျခြင်း မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် SUNSfan ဟာ အခြားဂိမ်းများနဲ့ ကွဲပြားမယ့် auto battler တစ်ခုကို ဖန်တီးလိုစိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ရဲ့အတွေးကို အခြား Dota 2 caster တစ်ဦးဖြစ်သူ Andrew “Jenkins” Jenkins ထံ ပြောပြဖြစ်ခဲ့ပါတယ်။

Jenkins and SUNSfan

ဒါကတော့ မကြာသေးမီက Dota 2 ကစားသူများကြားမှာ ရေပန်းစားနေခဲ့တဲ့ Dota 2 custom game သစ် Ability Arena ဖြစ်ပေါ်လာပုံ အစပိုင်းပါ။ Auto battler ဂိမ်းအများစုမှာ ကစားသူဟာ တူညီတဲ့ သို့မဟုတ် ဆီလျော်မှုရှိတဲ့ class များအပေါ် အာရုံစိုက်ကာ တွဲလုံးထုတ်ရပေမယ့် Ability Arena အတွင်းမှာတော့ Dota 2 spell များကို နားလည်ထားရင် ထိရောက်တဲ့ တွဲလုံးများကို အသုံးပြုနိုင်ပါတယ်။ အခြားအရေးကြီးတဲ့အချက်များကတော့ မိမိရဲ့ အသင်းအပေါ် ထူးခြားတဲ့သက်ရောက်မှုပေးနိုင်မယ့် God ရွေးချယ်မှုနဲ့ ဟီးရိုးများကို နေရာချပုံတို့ပဲဖြစ်ပါတယ်။

SUNSfan နဲ့ Jenkins တို့ နှစ်ဦးစလုံးဟာ ဂိမ်းများကို ဒီဇိုင်းရေးဆွဲဖန်တီးရာမှာ အတွေ့အကြုံရှိဖူးသူများဖြစ်ကြပြီး အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းကာ Ability Arena ကို စတင်ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်ဂိမ်းများနဲ့ ကွာခြားတဲ့ auto battler တစ်ခုကို ဖန်တီးဖို့ကိစ္စကတော့ ထင်ထားတာထက် ခက်ခဲခဲ့ပြီး ကစားလို့ရမယ့် ပထမဆုံးဗားရှင်းဟာ ၃ လကြာမှ ပေါ်ထွက်လာနိုင်ခဲ့ပါတယ်။

ယင်းနောက်မှာတော လူအနည်းငယ်ကို သီးခြားရွေးချယ်ကာ စမ်းသပ်ကစားစေခဲ့ပါတယ်။ SUNSfan ရဲ့ ပြောကြားချက်အရ Ability Arena ရဲ့ alpha ဗားရှင်းအတွင်းမှာ elements လို့ခေါ်တဲ့ class စနစ်ပါဝင်ခဲ့ပြီး ယင်းတို့ဟာ သက်ဆိုင်ရာ buff များကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် element များဟာ ဂိမ်းကို အလွန်ရှုပ်ထွေးစေကြောင်း စမ်းသပ်ကစားသူများက ဆိုခဲ့တဲ့အတွက် တစ်လခန့်အကြာမှာပဲ class စနစ်ကို ဂိမ်းတွင်းကနေ ဖြုတ်ခဲ့ရပါတယ်။ လက်ရှိ Ability Arena အတွင်းမှာ spell ပေါင်း ၁၅၀ ရှိပြီး ယင်းတို့ရဲ့ upgrade အဆင့် ၂ ခုစီကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် စုစုပေါင်း ၄၅၀ အထိရှိမှာဖြစ်လို့ အပိုပါဝင်ခဲ့တဲ့ class စနစ်ဟာ ဂိမ်းကို အလွန်ကျယ်ပြန့်သွားစေကာ ကစားသူများအတွက် နည်းဗျူဟာချဖို့ ခက်ခဲစေခဲ့တာပဲဖြစ်ပါတယ်။

Jenkins ရဲ့ အဆိုအရ ယင်းတို့အဖွဲ့ဟာ element တွေကို ဖြုတ်ဖို့ကိစ္စအပေါ် အများကြီးဆွေးနွေးခဲ့ရပြီး ထွက်ပေါ်လာမယ့်ဂိမ်းဟာ ရိုးရိုး auto battler နဲ့ တူချင်လား ဒါမှမဟုတ် ability draft ပုံစံနဲ့ တူချင်လားဆိုတာကိုလည်း စဉ်းစားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Jenkins ဟာ Auto Chess, Atomic War စတဲ့ လူကြိုက်များပြီးသားဂိမ်းတွေကနေ ကွဲထွက်အောင် ပြုလုပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Spell ပေါင်းရာချီပါဝင်တဲ့ Ability Arena ဟာ class အရေအတွက်ဆယ်ဂဏန်းသာပါဝင်တဲ့ အခြား auto battler များနဲ့ နှိုင်းယှဉ်ရင် Dota မကစားဖူးသူများအတွက် ခက်ခဲနေဦးမှာဖြစ်ပေမယ့် Dota 2 အသိုင်းအဝိုင်းအတွက်တော့ ဆော့ပျော်တဲ့ဂိမ်းတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ Dota spell များရဲ့ တွဲလုံးထုတ်လို့ရသလို counter လည်းလုပ်လို့ရတဲ့ သဘောသဘာဝအရ ကစားသူများအနေနဲ့ မတူညီတဲ့ နည်းဗျူဟာအမျိုးမျိုးကို အကောင်အထည်ဖော်ကြည့်နိုင်ခြင်းဟာလည်း Ability Arena ရဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။

Ability Arena ဟာ အခမဲ့ကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပေမယ့် gameplay ပိုင်းကို မထိခိုက်တဲ့ battle pass ရောင်းချပြီး ငွေရှာခြင်းမျိုးတော့ ရှိပါတယ်။ SUNSfan နဲ့ Jenkins တို့ဟာ Ability Arena ရဲ့ battle pass က ပေးတဲ့ XP အလွန်များနေကာ ပွဲတစ်ပွဲချင်းစီက ရရှိတဲ့ gold ကတော့ နည်းပါးနေခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပြီး gold နည်းပါးတဲ့ကိစ္စအတွက် patch အသစ်နဲ့ ပြင်ဆင်ခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Ability Arena ဟာ ဂိမ်းသစ်တစ်ခုဖြစ်တဲ့အတွက် bug များရှိနေသေးကြောင်း အချို့က ဆိုကြပေမယ့် Dota 2 အသိုင်းအဝိုင်းအတွင်း ထောက်ခံအားပေးမှုအမြောက်အများကို ရရှိနိုင်ခဲ့သလို auto battler ဂိမ်းနှစ်သက်သူများအနေနဲ့ စမ်းသပ်ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ SUNSfan နဲ့ Jenkins တို့ ပြောပြခဲ့တဲ့ Ability Arena ဖန်တီးဖြစ်ခဲ့ပုံအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အ​ကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: pcgamer, esports.gg