“TI11 ပြိုင်ပွဲဝင် OG အသင်းမှာ နည်းပြအဖြစ် Ceb ပါဝင်သွားမည်”

 

မကြာမီစတင်လာတော့မယ့် TI11 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ OG အသင်းဟာ TI ၂ နှစ်ဆက်ချန်ပီယံအသင်းသားဟောင်းကြီး Sébastien “Ceb” Debs ကို နည်းပြတစ်ဦးအဖြစ် ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။ OG အသင်းဟာ ဒီအကြောင်းကို “who let THIS GUY in here” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြသလာခဲ့တာဖြစ်ပြီး ယင်းဓာတ်ပုံဟာ မလေးရှား bootcamp မှာ စခန်းသွင်းလေ့ကျင့်နေကြတဲ့ OG ကစားသမားများနဲ့ Ceb တို့ အတူတကွစကားပြောနေပုံကို ရိုက်ကူးထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဓာတ်ပုံထွက်ပေါ်လာပြီး အချိန်အနည်းငယ်အကြာမှာပဲ OG အသင်းဟာ Ceb အနေနဲ့ မည်သူ့နေရာမှာမှ အစားထိုးဝင်ရောက်သွားမှာ မဟုတ်ပဲ ကစားသမားများရဲ့ ဒုတိယနည်းပြအဖြစ်သာ ပါဝင်သွားမှာဖြစ်ကြောင်းကိုလည်း ထပ်မံရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် OG အသင်းရဲ့ လက်ရှိနည်းပြ Evgenii “Chuvash” Makarov ကို ယခင်အစီအစဉ်အတိုင်း TI11 မှာ ဆက်လက်တွေ့မြင်ကြရဖို့ရှိပါတယ်။

OG အသင်း ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံအတွင်းမှာ အသင်းခေါင်းဆောင်ဖြစ်သူ Mikhail “Misha” Agatov လည်း ပါဝင်လာခဲ့လို့ OG အသင်းဟာ TI11 ကို လူစာရင်းပြည့်နဲ့ ယှဉ်ပြိုင်နိုင်တော့မှာဖြစ်ကြောင်း ပရိသတ်အမြောက်အများက သုံးသပ်ခဲ့ကြပါတယ်။ Misha ဟာ ယခင်က ဗီဇာအခက်အခဲများကို ကြုံတွေ့ခဲ့ရတဲ့အတွက် PGL Arlington Major နဲ့ ESL One Stockholm Major တို့မှာ မပါဝင်နိုင်ခဲ့ပဲ သူ့နေရာမှာ Ceb က ဝင်ရောက်ကစားပေးခဲ့ရဖူးပါတယ်။

ထိုစဉ်က Ceb ဟာ သူကစားနေကျ offlane role အစား position 5 နေရာကနေ ဝင်ရောက်ကစားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့စွမ်းဆောင်မှုကြောင့် OG အသင်းဟာ Stockholm Major ကို အနိုင်ရရှိခဲ့သလို Arlington Major မှာလည်း စတုတ္ထရရှိခဲ့ပါတယ်။ ဒါပေမယ့် ယခု TI11 မှာတော့ Ceb ကို အစားထိုးကစားသမားအဖြစ် တွေ့မြင်ရနိုင်ခြေ အလွန်နည်းပါးပါတယ်။

Stockholm Major Champion “OG”

 

OG အသင်း TI8 နဲ့ TI9 ကို အနိုင်ရရှိခဲ့စဉ်က True Sight ဗီဒီယိုများအတွင်းမှာ Ceb ဟာ အသင်းဖော်များ အားတက်စေမယ့်စကားများနဲ့ ပြောင်မြောက်တဲ့သုံးသပ်ချက်များပြောဆိုကာ ချန်ပီယံဆုများဆီ ခေါ်​ဆောင်နိုင်ခဲ့တာကို Dota 2 အသိုင်းအဝိုင်းအနေနဲ့ တွေ့မြင်ခဲ့ကြရဖူးပါတယ်။ ဒါကြောင့် လက်ရှိ OG အသင်းသားများအတွက်လည်း Ceb ရဲ့ နည်းပြမှုဟာ ကြီးမားတဲ့အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယူဆရပါတယ်။

TI11 ရဲ့ အုပ်စုအဆင့်ပြိုင်ပွဲများဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်လာမှာဖြစ်ပြီး ဂရင်းဖိုင်နယ်ပွဲစဉ်များကိုတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာမှ တွေ့မြင်ကြရမှာပါ။ Ceb နည်းပြမယ့် OG အသင်းအနေနဲ့ တတိယမြောက် TI ချန်ပီယံဆုကို လှမ်းကိုင်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, og official twitter