“Team Secret ဆီ ရောက်ရှိလာပုံကို ထုတ်ဖော်ပြောကြားခဲ့တဲ့ BOOM”

 

မကြာသေးမီက ပြုလုပ်သွားခဲ့တဲ့ OG’s Monkey Business podcast တစ်ခုအတွင်းမှာ Team Secret ရဲ့ အသစ်စက်စက် mid lane ကစားသမားဖြစ်သူ Miroslav “BOOM” Bičan ဟာ သူ့အနေနဲ့ အသင်းဆီ ရောက်ရှိလာပုံကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ TI11 အတွင်း ဒုတိယနေရာအထိ ရရှိဆွတ်ခူးနိုင်ခဲ့တဲ့ Team Secret ဟာ ပြိုင်ပွဲကြီးအပြီးမှာတော့ အသင်းကနေ ထွက်ခွာသွားတဲ့ mid lane ကစားသမား Michał “Nisha” Jankowski နေရာမှာအစားထိုးနိုင်မယ့်သူတစ်ဦးကို ရှာဖွေခဲ့ရတာဖြစ်ပြီး ယင်းအချိန်မှာ BOOM ဟာ အသင်းဟောင်း Gaimin Gladiators ကနေ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ချက်သမ္မတနိုင်ငံသားတစ်ဦးဖြစ်သူ BOOM ဟာ Gaimin Gladiators အသင်းမှာတည်းက စွမ်းဆောင်ရည်အများအပြားကို ပြသနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့ Stockholm မေဂျာမှာ စတုတ္ထရရှိခဲ့သလို TI11 မှာလည်း အဆင့် ၉ နဲ့ ၁၂ ကြားနေရာကို ရရှိခဲ့ပါတယ်။ TI11 အတွင်း Gaimin Gladiators နဲ့ Fnatic တို့ ယှဉ်ပြိုင်ကစားခဲ့စဉ်က BOOM ရဲ့ Storm Spirit ကစားပုံများဟာ အလွန်ထင်ရှားခဲ့ပြီး ပရိသတ်အမြောက်အများရဲ့ အသိအမှတ်ပြုအားပေးခြင်းကိုလည်း ခံလာခဲ့ရပါတယ်။

OG’s Monkey Business podcast Episode 48 အတွင်းမှာတော့ BOOM ဟာ Johan “N0tail” Sundstein နဲ့ OG အသင်းရဲ့ CEO ဖြစ်သူ JMR Luna တို့ကို Team Secret ဆီ ရောက်ရှိလာပုံအကြောင်း ပြောပြသွားခဲ့ပါတယ်။ BOOM ရဲ့အဆိုအရ သူဟာ အစောပိုင်းမှာ Team Liquid ဆီ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိနေခဲ့တာဖြစ်ပြီး Team Liquid ရဲ့ နည်းပြဖြစ်သူ William “Blitz” Lee နဲ့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။

ထိုအချိန်က BOOM ဟာ Team Liquid ကနေ ထွက်ခွာအနားယူမယ့် ကစားသမားကြီးဖြစ်သူ Lasse “MATUMBAMAN” Urpalainen ရဲ့ နေရာကို အစားထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေခဲ့တာပါ။ ဒါပေမယ့် Team Liquid ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နောက်ပိုင်းထပ်မံစကားပြောဆိုခဲ့ချိန်မှာတော့ ယင်းတို့ဟာ MATUMBAMAN နေရာကို ဝင်ရောက်မယ့် အခြားကစားသမားတစ်ဦးရသွားပြီလို့ အကြောင်းပြန်ခဲ့ကြောင်း BOOM က ပြောသွားခဲ့ပါတယ်။

မကြာမီမှာတော့ Team Secret ရဲ့ မန်နေဂျာဖြစ်သူ Matthew “Cyborgmatt” Bailey ဟာ BOOM ကို တွစ်တာပေါ်မှာ ဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။ Cyborgmatt ပို့လာခဲ့တဲ့ စာအတွင်းမှာတော့ BOOM ကို Team Secret ရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ Clement “Puppey” Ivanov ကိုယ်တိုင် Steam ပေါ်မှာ စကားပြောလိုကြောင်း ပါဝင်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ Puppey ဟာ BOOM ကို မေးခွန်းအချို့မေးမြန်းခဲ့ပြီး Team Secret အတွင်းကို ခေါ်ဆောင်ခဲ့ပါတယ်။ BOOM ဟာ ယင်းမတိုင်မီက Team Secret ရဲ့ ကစားသမားတစ်ဦးဖြစ်လာနိုင်ဖို့ လုံးဝမမျှော်လင့်ထားခဲ့သလို အခြားတစ်စုံတစ်ခုလုပ်ဖို့ အစီအစဉ်လည်းရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။

Team Secret ရဲ့ ကစားသမားဟောင်းဖြစ်သူ Nisha ဟာ အတော်ဆုံး mid lane ကစားသမားများထဲက တစ်ဦးဖြစ်လို့ သူ့နေရာကို အစားထိုးဝင်ရောက်ရတာ အလွန်တာဝန်ကြီးတယ်လို့လည်း BOOM က ပြောသွားခဲ့ပါတယ်။ BOOM အနေနဲ့ Team Secret နဲ့အတူ season သစ်မှာ ထွန်းတောက်လာနိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ကြရဦးမှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, liquipedia