တရုတ်နိုင်ငံမှာ အလွန်ခေတ်စားနေတဲ့ Among Us ရဲ့ ပုံတူဂိမ်း Werewolf Among Us
ယခုနှစ်အတွင်း အလွန်ခေတ်စားနေခဲ့တဲ့ Among Us ဂိမ်းဟာ လူငယ်လူကြီးမရွေးဆော့ကစားနိုင်အောင် လွယ်ကူရိုးရှင်းရုံသာမက အမေရိကန်လွှတ်တော်အမတ်ဖြစ်သူ Alexandria Ocasio-Cortez ကိုယ်တိုင်ကတောင် တိုက်ရိုက်ထုတ်လွှင့် ကစားပြရလောက်အောင် အောင်မြင်နေခဲ့တာပါ။ ဒါပေမယ့် မည်သည့်ဂိမ်းမဆို ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လောက်ပဲခေတ်စားပါစေ၊ တရုတ်နိုင်ငံရောက်ရင်တော့ ဒေသနဲ့ အကျွမ်းဝင် လိုက်လျောညီထွေ ဖြစ်မှသာ လက်ခံကြိုဆိုခြင်းခံရမှာဖြစ်ကြောင်း ညွှန်ပြလိုက်တဲ့အရာတစ်ခု ပေါ်ပေါက်လို့ လာပါတယ်။
အဲဒါကတော့ Among Us ကို တုပပြုလုပ်ထားတဲ့ တရုတ်ဂိမ်း Werewolf Among Us ဟာ နိုင်ငံတွင်းမှာ မူရင်းဂိမ်းထက် ပိုမိုလူကြိုက်များ နေတာပဲဖြစ်ပါတယ်။ Shenzhen Youliang Technology က ထုတ်လုပ်တဲ့ဒီဂိမ်းဟာ ယခုလအတွင်း တရုတ်နိုင်ငံရဲ့ Apple App Store မှာ ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိပါတယ်။
တရုတ်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ တရုတ် Apple App Store နဲ့ Steam တို့မှာ Among Us ဟာ ဒေါင်းလုပ်ပြုလုပ်သူ ဒသမမြောက်အများဆုံးနေရာကိုသာ ရယူထားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Steam ဟာ နိုင်ငံတွင်း တရားဝင်အသုံးပြုနိုင်တဲ့ ဂိမ်းပလက်ဖောင်းတစ်ခုမဟုတ်သေးတဲ့အတွက် Valve ဟာ တရုတ်နိုင်ငံအတွက် သီးသန့် Steam ဗားရှင်းတစ်ခုထုတ်လုပ်ဖို့ ကြံရွယ်လျက်ရှိပါတယ်။
အမေရိကန်၊တရုတ်နဲ့ နိုင်ငံအတော်များများမှာ လက်ရှိကျင့်သုံးနေကြတဲ့ မူပိုင်ခွင့်ဥပဒေများအရ ဗီဒီယိုဂိမ်းများအတွင်းက ကစားနည်းကစားဟန်များ ပုံတူကူးယူခြင်းကို တရားစွဲဆိုခွင့်မရှိပါဘူး။ ဒါကြောင့် ဂိမ်းတစ်ခုခေတ်စားလာပြီဆိုရင် ပုံစံတူဂိမ်းပေါင်းများစွာ ထွက်ပေါ်လာမှာဖြစ်ပြီး Among Us ဂိမ်းကိုယ်တိုင်ဟာလည်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Mafia လို ပါတီဂိမ်းကို မှီငြမ်းပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။
Among Us ကို ထုတ်လုပ်တဲ့ Inntersloth ကုမ္ပဏီကတော့ ဂိမ်းအတွင်းကို ဘာသာစကားအမျိုးအစားများ ယခုထက်ပိုပြီး ထည့်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ Among Us အတွင်း တရုတ်ဘာသာစကား ပါလာခဲ့ရင်တောင် ပုံစံတူဂိမ်း Werewolf Among Us ကို တရုတ်ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းလျက်ရှိပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: pcgamer