“မကြာမီထွက်ပေါ်လာတော့မယ့် Hogwarts Legacy ဂိမ်းအကြောင်း တစေ့တစောင်း”

 

ဟယ်ရီပေါ်တာပရိသတ်များသာမက RPG ဂိမ်းနှစ်သက်သူအမြောက်အများပါ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ Hogwarts Legacy ကတော့ လာမယ့်လအတွင်းမှာပဲ ထွက်ပေါ်လာတော့မှာပါ။ Avalanche Software ကုမ္ပဏီက ဖန်တီးပြုလုပ်ပြီး Warner Bros. Interactive Entertainment ကုမ္ပဏီရဲ့ Portkey Games ခေါင်းစဉ်အောက်ကနေ ဖြန့်ချိသွားမယ့် ဒီဂိမ်းဟာ ဟယ်ရီပေါ်တာဝတ္ထုများနဲ့ Fantastic Beasts စီးရီးများ အခြေတည်ရာ Wizarding World ​မှော်ကမ္ဘာကြီးအတွင်းမှာ တည်ဆောက်ထားမှာဖြစ်ပြီး action role-playing ဂိမ်းအမျိုးအစားအဖြစ်နဲ့ စတင်ထွက်ရှိချိန်မှာ single-player ကစားနိုင်ကြမှာလည်းဖြစ်ပါတယ်။

Hogwarts Legacy ဂိမ်းအတွင်းမှာ ကစားသူဟာ ၁၈၉၀ ခုနှစ်ဝန်းကျင်အတွင်း Hogwarts မှော်ကျောင်းတော်ကြီးမှာ စတင်သင်ယူတာနောက်ကျနေတဲ့ ကျောင်းသားတစ်ဦးအဖြစ်နဲ့ ကစားနိုင်မှာဖြစ်ပြီး Ministry of Magic ရဲ့ ညွှန်ကြားမှုနဲ့အတူ ရှာဖွေလေ့လာမှုများပြုလုပ်ရင်း အချက်အလက်များနဲ့ experiment point များကို ရယူနိုင်ကြမှာပါ။ ဂိမ်းရဲ့ ဇာတ်ညွှန်းအရ ကစားသူဟာ Wizarding World ​ကြီးကို ပျက်စီးသွားစေနိုင်မယ့် ရှေးဟောင်းလျှို့ဝှက်ချက်ကြီးရဲ့ သော့ချက်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ထူးခြားဆန်းပြားတဲ့ ရှေးဟောင်းမှော်ပညာကို အသုံးပြုနိုင်သူတစ်ဦးအဖြစ်လည်း မြင်တွေ့ကြရမှာပါ။

ဒီရှေးဟောင်းမှော်ပညာဟာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်ပေမယ့် ယခုမှပြန်လည်ပေါ်ပေါက်လာတာဖြစ်ပြီး ဒါကို အသုံးပြုနိုင်တဲ့အခြားသူများလည်းရှိနေကာ ကစားသူအနေနဲ့ ဒီကိစ္စတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဂိမ်းအတွင်းမှာ Wizarding World အတွင်းက နာမည်ကြီးဇာတ်ကောင်များဖြစ်ကြတဲ့ Nearly Headless Nick, The Fat Lady, Peeves စသူတို့နဲ့ တွေ့ဆုံစကားပြောနိုင်မှာဖြစ်သလို Professor Eleazar Fig လို ဇာတ်ကောင်သစ်များကိုလည်း တွေ့မြင်နိုင်ကြမှာဖြစ်ပြီး ရန်သူတော်များဖြစ်ကြတဲ့ Ranrok နဲ့ Victor Rookwood တို့လို ဇာတ်ကောင်များကို ရင်ဆိုင်တိုက်ခိုက်ကြရမှာလည်းဖြစ်ပါတယ်။

ကစားသူဟာ Hogwarts ရဲ့ စာသင်ခန်းများကို တက်ရောက်နိုင်ကြမှာဖြစ်ပြီး Forbidden Forest, Diagon Alley, Hogsmeade စတဲ့နေရာများကိုလည်း သွားရောက်နိုင်ကြမှာဖြစ်ကာ Hufflepuff နဲ့ Ravenclaw အခန်းများဆီလည်း လည်ပတ်နိုင်ကြမှာပါ။ ကစားသူအနေနဲ့ မိမိရဲ့ ဇာတ်ကောင်ကို စတင်ဖန်တီးပြီဆိုတာနဲ့ ပုံပန်းသွင်ပြင်၊ လိင်အမျိုးအစား၊ အသံ၊ ခန္ဓာကိုယ်ပုံစံ စတာတွေကို နှစ်သက်သလို သတ်မှတ်နိုင်ကြမှာဖြစ်သလို house ကြီး ၄ ခုဖြစ်ကြတဲ့ Gryffindor, Hufflepuff, Ravenclaw နဲ့ Slytherin များထဲက တစ်ခုကို ရွေးချယ်နိုင်ကြမှာလည်း ဖြစ်ပါတယ်။

ဂိမ်းအတွင်းမှာ ကစားသူဟာ experience point တွေရရှိပြီး level မြင့်လာတာနဲ့အမျှ spell, talent နဲ့ ability သစ်များကိုလည်းရရှိလာကြမှာပါ။ Experience point ရရှိနိုင်တဲ့ လုပ်ဆောင်မှုများကတော့ Combat, Quest, Exploration, Field Guide Pages, Room of Requirement စတာတွေပဲ ဖြစ်ကြပါတယ်။ Combat item များကို ဝယ်ယူခြင်း သို့မဟုတ်​ ဖန်တီးပြုလုပ်ခြင်းများကနေ ရရှိနိုင်ကြမှာလည်းဖြစ်ပြီး ယင်းတို့ဟာ ရန်သူများကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် မိမိဘာသာအရည်အသွေးမြှင့်တင်ဖို့အတွက် အသုံးဝင်ကြမှာပါ။

ကစားသူအနေနဲ့ ဒဏ္ဍာရီလာ သားရဲတိရစ္ဆာန်များဖြစ်ကြတဲ့ hippogriff နဲ့ thestral များကို စီးနင်းနိုင်ကြမှာလည်းဖြစ်ပြီး mandrake လို အကောင်များကိုတော့ တိုက်ခိုက်ရေးမှာပါ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Hogwarts မှာ ကျောင်းအတူလာတက်ကြတဲ့ NPC ဇာတ်ကောင်များနဲ့ သူငယ်ချင်းဖွဲ့နိုင်မှာလည်းဖြစ်ပြီး ယင်းတို့ဟာ ကစားသူအတွက် အကူအညီများ၊ အကြောင်းအရာသစ်များ စတာတွေကို ပေးစွမ်းနိုင်ကြပါတယ်။

Hogwarts Legacy ဂိမ်းရဲ့ ပထမဆုံးပုံရိပ်များဟာ ၂၀၁၈ ခုနှစ်တည်းက စတင်ပေါက်ကြားလာခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက PlayStation 5 event မှာတော့ တရားဝင်ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီဂိမ်းကို မူလက ၂၀၂၁ ခုနှစ်အတွင်း စတင်ဖြန့်ချိဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ၂၀၂၂ ခုနှစ်ကို ရွှေ့ဆိုင်းသွားခဲ့ပြီး ယင်းနောက်မှာတော့ ယခုလာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ထပ်မံရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

PC Requirement for Hogwarts Legacy

Hogwarts Legacy စတင်ထွက်ပေါ်လာမယ့်နေ့မှာ Windows, PS5 နဲ့ Xbox X/S များအတွက် တပြိုင်တည်းထွက်ရှိလာမှာဖြစ်ပေမယ့် PS4, Xbox One နဲ့ Nintendo Switch တို့အတွက်ကိုတော့ နောက်ပိုင်းမှသာ ထွက်ရှိလာနိုင်မှာပါ။ Hogwarts Legacy ဟာ လက်ရှိအချိန် Steam ရဲ့ top wishlist ဇယားမှာ ထိပ်ဆုံးက ရပ်တည်လျက်ရှိပြီး ဂိမ်းသီးသန့်အတွက် ၅၉.၉၉ US ဒေါ်လာနဲ့ deluxe edition အတွက် ၆၉.၉၉ US ဒေါ်လာပေးချေကာ ကြိုတင်မှာယူနိုင်နေပါပြီ။

ထွက်ပေါ်ခဲ့ဖူးတဲ့ Hogwarts Legacy ရဲ့ gameplay ဗီဒီယိုများဟာ စွဲမက်ဖွယ်ကောင်းတာမို့ ဂိမ်မာအမြောက်အများဟာ ဒီဂိမ်းထွက်ရှိဖို့ ကြာမြင့်နေခြင်းအပေါ် ယင်းတို့အနေနဲ့ Hogwarts မှော်ကျောင်းတော်ကြီးက ခေါ်ယူမယ့်စာကိုစောင့်မျှော်နေကြဆဲဖြစ်ကြောင်း အရွှန်းဖောက်​ပြောဆိုမှုအမြောက်အများရှိခဲ့ပါတယ်။ RPG ဂိမ်းကောင်းများကို နှစ်သက်သူများအတွက် လာမယ့်လအတွင်း Hogwarts Legacy ဂိမ်းထွက်ပေါ်လာတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: hogwarts legacy official website, wiki, steam