DPC Season အသစ် ရောက်လာပြီ

 

Ti11 ပြီးသွားတဲ့နောက် Dota 2 လောကအတွက် ပုံမှန် ပြန်လည်ပတ်လာမယ့် Dota Pro Circuit ကာလအသစ်တစ်ခု ရောက်ရှိလာတော့မှာပါ။ အသစ်လာမယ့် DPC ရာသီအတွက် Valve က သူတို့ရဲ့ အစီအစဉ်ကို ဘလော့ဂ်တစ်ခု တင်ပြီး ကြေညာလာခဲ့ပါတယ်။

Valve ကတော့ Ti တစ်ခု မတိုင်ခင်ကာလကို DPC Season တစ်ခုတည်းအဖြစ် သတ်မှတ်ပြီး ပြက္ခဒိန် တစ်နှစ်စာနီးပါး ကြာရှည်မှာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာစတင်ပြီး နွေရာသီမှာ အပြီးသတ်မှာပါ။

DPC Season တစ်ခုမှာ Tour ပြိုင်ပွဲ သုံးကြိမ်ရှိမှာဖြစ်ပြီး Tour တစ်ခါတိုင်းမှာ ဒေသအလိုက် အမှတ်ပေးပြိုင်ပွဲ (Regional League) တစ်ကြိမ်နဲ့ မေဂျာပြိုင်ပွဲ တစ်ကြိမ်တို့ ပါဝင်ပါတယ်။ ဒီ Tour တွေကနေ DPC Point တွေ ရရှိမှာဖြစ်ကာ အဆုံးသတ်မှာတော့ တစ်ကမ္ဘာလုံးမှ အမှတ်အများဆုံး ၁၂ သင်းက Ti12 ကို ထုံးစံအတိုင်း တိုက်ရိုက်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

Regional League တွေဟာ အကုန်လုံး ပတ်လည် (round-robin) စတိုင်လ် အမှတ်ပေးလိဂ်ပွဲတွေဖြစ်ပြီး မေဂျာတွေကတော့ ရှုံးထွက်စတိုင်လ်နဲ့ ချန်ပီယံကို ဆုံးဖြတ်မယ့်အပြင် ငွေသားဆုကြေးရော DPC Point တွေပါ များများစားစား ရရှိစေမှာ ဖြစ်ပါတယ်။

ဒီလိုကျင်းပရာမှာ ပြီးခါနီးလေ၊ ပေးတဲ့ DPC Point က များလေ စနစ်ကို ကျင့်သုံးစေပြီး Regional League သုံးခါမှာ စုစုပေါင်း DPC Points 690 / 920 / 1150 အသီးသီး ပေးသွားမှာ ဖြစ်သလို မေဂျာသုံးကြိမ်မှာလည်း DPC Points 1900 / 2700 / 3500 ပေးအပ်သွားမှာပါ။ ဒါကြောင့် အသင်းတွေဟာ Tour တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အသင်းအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

အခုနှစ်အတွက် Ti11 ပါလိုက်ရတဲ့ အသင်းတွေရော၊ မပါလိုက်ရတဲ့ အသင်းတွေကပါ အကြီးအကျယ် လူစာရင်း ပြောင်းလဲပြီး Ti12 ဝင်ခွင့် မျှော်မှန်းကြမှာမို့ အရင်နှစ်တွေထက် ပိုမို မြိုင်ဆိုင်တဲ့ DPC Season တစ်ခုကို တွေ့လာရမယ်လို့ မျှော်လင့်ရပါတယ်။

DPC နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ အရာများ

ဘယ်သူတွေက DPC Points ရမှာလဲ?

League မှာဆိုရင် ထိပ်ဆုံး ၅ သင်းနဲ့ မေဂျာပွဲတွေမှာ ထိပ်ဆုံး ၈ သင်းတို့ ခွဲဝေယူရမှာပါ။

DPC အတွက် Team Slot တစ်နေရာစာကို ဘယ်သူ တကယ်ပိုင်သလဲ?

အသင်းရဲ့ Admin အဖြစ် စာရင်းသွင်းထားတဲ့ ပုဂ္ဂိုလ်က ပိုင်ပါတယ်။ အဖွဲ့အစည်း (Organization) တွေမှာ အသင်းမန်နေဂျာ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး ရိုးရိုး အသင်းတစ်ခုမှာတော့ ကပ္ပတိန်က ပိုင်ဆိုင်ပါတယ်။ သူကသာ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်ပြီး ကျန်တဲ့ မန်ဘာတွေကို ထုတ်နိုင်ပါတယ်။

အသင်းတစ်ခုကို မတူညီတဲ့ အဖွဲ့ (Org) ဆီ လွှဲပြောင်းနိုင်သလား ?

တူညီတဲ့ အဖွဲ့အစည်း တစ်ခုလက်အောက်က အသင်းသစ် သို့မဟုတ် လုံးဝ ကွဲပြားတဲ့ အဖွဲ့အစည်း အသစ်ဆီ အသင်းတစ်ခုကို လွှဲပြောင်းနိုင်ပါတယ်။

DPC Points တွေက Ti ဒေသအလိုက် လက်ရည်စစ်ပွဲတွေကို ဖိတ်ခေါ်ခံရဖို့ ဆုံးဖြတ်ပေးမှာလား?

မဟုတ်ပါဘူး။ တတိယမြောက် DPC Tour မှာ ပါဝင်ခဲ့တဲ့ အသင်းတိုင်းဟာ လူစာရင်းကို ၂ ယောက်ထက် ပိုမပြောင်းလဲထားရင် ဒေသအလိုက် လက်ရည်စစ်ပွဲ / Regional Qualifier တွေကို ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒီနှစ်မှာ Open Qualifier တွေ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ DPC Tour တစ်ခုတိုင်းမှာ Regional Leauge ရဲ့ Division II တွေအတွက် Open Qualifier ရှိမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တတိယမြောက် DPC Tour ဟာ Ti အတွက် Open Qualifier ပါပဲ။

မေဂျာတွေမှာ ဘယ်သူတွေ ပါဝင်နိုင်မှာလဲ?

မေဂျာပြိုင်ပွဲတွေမှာ Regional League တစ်ခုစီက အနည်းဆုံး ၂ သင်းဆီ ပါဝင်မှာပါ။ တစ်ချို့ ဒေသတွေကတော့ ၃ ၊ ၄ သင်း ပါဝင်မှာ ဖြစ်ပါတယ်။ မေဂျာကို ယှဉ်ပြိုင်ပါဝင်ဖို့ အခြားနည်းလမ်း မရှိပါဘူး။

လူစားထိုး ကစားခွင့် ရှိပါသလား?

ရှိပါတယ်။ အသင်းတစ်သင်းဟာ ၇ ပွဲမှာ ၄ ပွဲထိ အစားထိုး ကစားသမား အသုံးပြု ဆော့ကစားနိုင်ပါတယ်။ မေဂျာပွဲမှာ အစားထိုး ကစားသမားအသုံးပြုရင်တော့ ဒီပြိုင်ပွဲက ရရှိတဲ့ အမှတ်ထဲက တစ်ယောက်ကို DPC Points 40% ၊ နှစ်ယောက်ဆိုရင် DPC Points 80% အနှုတ်ခံရမှာပါ။ ၂ ယောက်ထက် ကျော်ရင် အရှုံးပေးရမှာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲ တစ်ခုထဲမှာ ၅ ပွဲကို လူစားထိုး ကစားစေရင်လည်း ကျန်တဲ့ ပွဲအားလုံးကို အရှုံးပေး (Forfeit) ရမှာ ဖြစ်ပါတယ်။

မေဂျာဝင်ခွင့် ရပြီးသား အသင်းက ကစားသမား လဲလို့ ရပါသလား?

ရပါတယ်။ ဒါပေမဲ့ မူရင်း ကစားသမားလဲလှယ်လို့ နှုတ်ခံရမယ့် အမှတ်အပြင် အဲ့ဒီ မေဂျာပွဲက ရမယ့် အမှတ်ရဲ့ 20% ကိုပါ ထပ်မံ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

 

#Kyitha