Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020

 

မကြာသေးမီက ကျင်းပခဲ့တဲ့ 2020 League of Legends World Championship ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်မှာ တောင်ကိုရီးယားအသင်းတစ်သင်းဖြစ်တဲ့ DAMWON Gaming ဟာ တရုတ်အသင်း Suning ကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ပူဒေါင်းဘောလုံးအားကစားရုံသစ်ကြီးအတွင်း ကျင်းပခဲ့တဲ့ ဒီပွဲအတွင်းကို ရုံတွင်းပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ပရိသတ်များကလည်း အွန်လိုင်းကနေ ကြည့်ရှုအားပေးနေခဲ့ကြပါတယ်။

Worlds 2020 ရဲ့ ဂရင်းဖိုင်နယ်ပွဲများကို ယှဉ်ပြိုင်ကစားနေစဉ်အတွင်း တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံး အရေအတွက် ၃.၈၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ YouTube နဲ့ Twitch တို့လို နိုင်ငံတကာပလက်ဖောင်းများပေါ်ကနေ ကြည့်ရှုသူများကိုသာ ထည့်သွင်းရေတွက်ထားတာဖြစ်ပြီး တရုတ်ပလက်ဖောင်းများကို အသုံးပြုကြည့်ရှုသူများ မပါဝင်သေးပါဘူး။

လက်ရှိအချိန်ထိ Esports သမိုင်းကြောင်းတစ်လျှောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်ထားတာ ကတော့ Worlds 2019 အတွင်း T1 နဲ့ G2 Esports တို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲဖြစ်ပြီး တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံးအရေအတွက် ၃.၉၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် Worlds 2020 ရဲ့ ဂရင်းဖိုင်နယ်ဟာ ယင်းပွဲထက် ကြည့်ရှုသူတစ်သိန်းကျော်သာလျော့နည်းပြီး ဒုတိယမြောက် ကြည့်ရှုသူအများဆုံး ပွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

ဒါပေမယ့် Worlds 2019 ရဲ့ ဂရင်းဖိုင်နယ်ဖြစ်တဲ့ G2 နဲ့ FunPlus Phoenix တို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲကတော့ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအများဆုံးအရေအတွက် ၃.၇ သန်းကျော်သာရှိခဲ့တဲ့အတွက် ယခုနှစ် ဂရင်းဖိုင်နယ်မှာ ကြည့်ရှုသူပိုများလာတယ်လို့ဆိုရမှာပါ။ Covid-19 ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ရုံတွင်းပရိသတ်ဝင်ရောက်ခွင့်ပြုခဲ့တဲ့ Esports ပြိုင်ပွဲလည်းဖြစ်တာမို့ Worlds 2020 ဟာ ထူးခြားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

Worlds 2020 ဟာ Twitch ပေါ်မှာလည်း League of Legends category အတွက် ကြည့်ရှုသူ အများဆုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ Worlds 2019 အတွင်း Twitch ပေါ်ကနေ တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံးအရေအတွက် ၁.၇၈ သန်းကျော်သာရှိခဲ့ပြီး ယခုပွဲအတွင်းမှာတော့ ၁.၈ သန်းကျော်အထိရှိလာခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီပွဲအတွင်းအနိုင်ရရှိသွားခဲ့တဲ့ DAMWON Gaming ဟာ ဆုကြေးငွေစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ Worlds 2020 ရဲ့ ဆုကြေးငွေစုစုပေါင်းပမာဏကို အတိအကျ ကြေညာထားခြင်း မရှိပေမယ့် ပြီးခဲ့တဲ့နှစ်က Worlds 2019 မှာ အနိုင်ရရှိသွားခဲ့တဲ့ FunPlus Phoenix တို့ကတော့ ဆုကြေးငွေဒေါ်လာ ၈ သိန်း ၃ သောင်းကျော် ရရှိခဲ့ပါတယ်။

လာမယ့်နှစ်မှာလည်း Worlds 2021 ကို အစဉ်အလာမပြတ် ကျင်းပသွားဦးမှာဖြစ်ပြီး ရှန်ဟိုင်းမြို့မှာပဲ ထပ်မံပြုလုပ်မှာဖြစ်ကြောင်း Riot Games က ကြေညာထားပါတယ်။ Esports လောကအတွင်း စံချိန်တင်ကြည့်ရှုသူများပြားနေခဲ့တဲ့ Worlds 2020 အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: win.gg