တစ်နေ့ Pub ဂိမ်း (၆) ပွဲ မဆော့ရင် ဒဏ်ငွေဆောင်ရတဲ့ Virtus.pro အသင်းသားများ

 

Virtus.pro အသင်းရဲ့ လက်ရှိ ခေါင်းဆောင်ဖြစ်သူ Save- ဟာ အဖွဲ့အစည်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုအတွင်းမှာ မကြာသေးမီက ပါဝင်လာခဲ့ပါတယ်။ ယင်းအင်တာဗျူးအတွင်း Save- က Virtus.pro အသင်း လက်ရှိရောက်နေတဲ့ tier အဆင့်အနေအထားနဲ့ ပတ်သက်လို့ ပြောသွားခဲ့သလို အသင်းရဲ့ လေ့ကျင့်မှုများအတွက် ချမှတ်ထားတဲ့ ဒဏ်ငွေပေးဆောင် စနစ်များအကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

Save- ရဲ့ ပြောကြားချက်အရ Virtus.pro ဟာ Secret, OG, Nigma နဲ့ Na’Vi တို့လို နာမည်ကြီးအသင်းများ ပါဝင်တဲ့ EPIC League ကို အနိုင်ရရှိခဲ့ပေမယ့် ထိပ်တန်း tier 1 အသင်းဖြစ်လာဖို့ကတော့ ယခုအချိန်ထိ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဆိုပါတယ်။ Virtus.pro အနေနဲ့ LAN ပွဲအတွေ့အကြုံ အမြောက်အများရှိဖို့ လိုနေသေးသလို ပြိုင်ပွဲအခြေအနေပေါင်းစုံကို နားလည်ဖို့ လိုအပ်နေသေးကြောင်းကိုလည်း Save- က ပြောသွားခဲ့ပါတယ်။

Virtus.pro အသင်းအတွင်းမှာ လက်ရှိအသုံးပြုနေတဲ့ လေ့ကျင့်မှုများနဲ့ စည်းကမ်းများအကြောင်းကိုလည်း Save- က ပြောသွားခဲ့ပါတယ်။ Save- ရဲ့ ပြောကြားချက်အရ ယင်းတို့ဟာ ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက် မကစား ရသေးခင်မှာ သွေးပူလေ့ကျင့်ခန်းအဖြစ် pub ဂိမ်းတစ်ပွဲ အရင်ကစားရမှာဖြစ်ပြီး အသင်းအတွင်း ဒီလိုပြုလုပ်ဖို့ ပျက်ကွက်သူကို ဒဏ်ငွေပေးဆောင်ဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

VP. Save-

ဒါ့အပြင် ယခင် စခန်းသွင်းလေ့ကျင့်ချိန်များမှာ တစ်နေ့လျှင် အနည်းဆုံး pub ဂိမ်း ၈ ပွဲ ကစားဖို့ သတ်မှတ်ထားကြောင်းကိုလည်း Save- က ပြောသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအရေအတွက်ဟာ များလွန်းတယ်လို့ ယူဆမိတဲ့အတွက် pub ဂိမ်း ၆ ပွဲ စီသာ ကစားဖို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ဒီလိုပြုလုပ်ဖို့ ပျက်ကွက်ရင်လည်း ဒဏ်ငွေပေးဆောင်ကြရမှာဖြစ်ကြောင်းကို ပြောသွားခဲ့ပါတယ်။

Virtus.pro အသင်းသားများ ပေးဆောင်ရလေ့ရှိတဲ့ ဒဏ်ငွေပမာဏ အတိအကျကို မပြောသွားခဲ့ပေမယ့် ကောက်ယူရရှိတဲ့ ဒီဒဏ်ငွေများကို ပရဟိတအဖွဲ့အစည်းများထံ လှူဒါန်းသွားမယ့်အကြောင်းကိုတော့ Save- က ပြောသွားခဲ့ပါတယ်။ လက်ရှိ ထိပ်တန်း Dota 2 အသင်းတစ်သင်းရဲ့ လေ့ကျင့်မှုနဲ့ ပျက်ကွက်ရင် ဒဏ်ငွေ ပေးဆောင်ရတဲ့ စနစ်အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
Source: afkgaming