မကြာခင် ထွက်ရှိလာမယ့် Pokemon Unite MOBA ဂိမ်းမှာ ဘယ် Pokemon တွေ ပါဝင်မှာလဲ

 

Pokémon Unite ဆိုတာကတော့ TiMi Studios နဲ့ The Pokemon Company တို့ ပူးပေါင်းပြုလုပ်လျက်ရှိတဲ့ ယခု ဇူလိုင်လအတွင်း ထွက်ပေါ်လာတော့မယ့် ကမ္ဘာ့ပထမဆုံး Pokemon MOBA ဂိမ်းပါ။ ဂိမ်းတစ်ပွဲလျှင် အသင်း ၂ သင်းစီ ပါဝင်ပြီး တစ်သင်းကို ကစားသူ ၅ ယောက်စီ ယှဥ်ပြိုင်နိုင်မယ့် Pokemon Unite ရဲ့ ကစားပုံဟာ League of Legends နဲ့ ဆင်တူတယ်လို့ ဆိုနိုင်သလို ဒီဂိမ်းအတွင်း Pokemon generation ၈ ခုလုံး ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။

 

ဂိမ်းရဲ့အစပိုင်းမှာ ကစားသူများရဲ့ Pokemon များဟာ အားနည်းတဲ့ rookie form များကနေ စတင်ကြရမှာဖြစ်ပြီး ပွဲချိန်ကြာလာတာနဲ့ အမျှ ပိုမိုအင်အားကြီးတဲ့ form များအသွင် ပြောင်းလဲလာကြမှာပါ။ Pokemon များကို attribute များနဲ့ strength များအရ role များ ခွဲခြားသတ်မှတ်ထားပြီး Attackers, All-Rounders, Speedsters, Defenders နဲ့ Supporters ဆိုပြီး အမျိုးအစား ၅ မျိုးအထိ ရှိပါတယ်။

Attacker များဟာ ရှည်လျားတဲ့ range attack များကို ပိုင်ဆိုင်ကြသူများဖြစ်ပြီး ယင်းအုပ်စုအတွင်း Cinderace and Greninja တို့လို တိုက်ခိုက်ရေးပိုင်းဆိုင်ရာ နာမည်ကျော် Pokemon များ ပါဝင်ပါတယ်။ Pokemon Unite အတွင်း ကစားသူများ ရွေးချယ်နိုင်မယ့် Attacker များကတော့ Alolan Ninetails, Cinderace, Cramorant, Greninja, Pikachu, Venusaur တို့ပဲ ဖြစ်ကြပါတယ်။

All-Rounders များကတော့ တိုက်ခိုက်မှုပိုင်းအတွက်ရော ခုခံမှုပိုင်းအတွက်ပါ ကောင်းမွန်တဲ့ Pokemon များပါ။ ဒီစာရင်းမှာ Charizard, Garchomp, Lucario, Machamp တို့ ပါဝင်ပြီး ယင်းတို့အားလုံးဟာ melee attack များကို ပိုင်ဆိုင်ထားကြပါတယ်။

လှုပ်ရှားမှု လျှင်မြန်သွက်လက်လှတဲ့ Pokemon များကိုတော့ Speedster များလို့ အမည်ပေးထားပါတယ်။ Speedster များဟာ မူလသဘောသဘာဝအရ မြန်ဆန်ကြသလို ယင်းတို့ရဲ့ ability များကို အသုံးပြုပြီးလည်း ပိုမိုမြန်ဆန်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ Speedster Pokemon များကတော့ Absol, Gengar, Talonflame တို့ပဲ ဖြစ်ကြပါတယ်။

ဂိမ်းအတွင်းက အခြားကျန်ရှိတဲ့ အုပ်စု ၂ ခုကတော့ Defender များနဲ့ Support များပါ။ Defender များဟာ ခုခံကာကွယ်မှုပိုင်းမှာ အလွန်အားသာကြသူများဖြစ်ပြီး Support များကတော့ မိမိတို့ရဲ့ အသင်းကို နည်းပေါင်းစုံနဲ့ ကာကွယ်ပေးနိုင်သူများဖြစ်ကြပါတယ်။ Pokemon Unite မှာ Defender များအဖြစ် Crustle, Slowbro, Snorlax တို့ကို ထည့်သွင်းထားပြီး Support များအဖြစ် Eldegoss, Mr. Mime, Wigglytuff တို့ကို ထည့်သွင်းထားပါတယ်။ Pokemon Unite ကို ယခုလအတွင်း Nintendo Switch ပေါ်မှာ စတင်ဖြန့်ချိဖို့ ရည်ရွယ်ထားပြီး android နဲ့ iOS မိုဘိုင်းလ်ပလက်ဖောင်းများပေါ်ကိုတော့ စက်တင်ဘာလအတွင်းမှာမှ ရောက်ရှိလာနိုင်မယ်လို့ ဆိုပါတယ်။

Free to play အခမဲ့ရယူကစားနိုင်မယ့် Pokemon Unite ကို ပူးပေါင်းပြုလုပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် MOBA ဂိမ်းဖန်တီးရာမှာ အတွေ့အကြုံများပြားတဲ့ Tencent ရဲ့ လက်အောက်ခံ TiMi Studios ပါဝင်နေပေမယ့် ဂျပန်ကုမ္ပဏီများဖြစ်ကြတဲ့ The Pokemon Company နဲ့ Nintendo တို့ကတော့ ဒီဂိမ်းရဲ့ ပြုလုပ်ဖန်တီးမှုပိုင်းကိုရော ဖြန့်ချိမှုပိုင်းကိုပါ တာဝန်ယူထားတာကို တွေ့ရပါတယ်။ မည်သို့ပင်​ဖြစ်စေ ကမ္ဘာ့ပထမဆုံး Pokemon MOBA ဂိမ်းဖြစ်တဲ့ Pokemon Unite မကြာမီထွက်ပေါ်လာတော့မှာဖြစ်ကြောင်း ​ဖော်ပြလိုက်ရပါတယ်။ Esports အ​ကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: sportskeeda, Pokemon Unite wikipedia