ဖခင်တစ်ဦးဖြစ်လာတဲ့အတွက် Dota 2 မှာ ပိုပြီးစိတ်အားထက်သန်လာတယ်လို့ ပြောသွားခဲ့တဲ့ Topson

 

မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ESL One Germany 2020 အုပ်စုပွဲစဉ်များမှာ OG အသင်းဟာ Yellow Submarine ကို ၂ ပွဲပြတ်အနိုင်ရရှိပြီးနောက် playoff အဆင့်ကို တက်ရောက်ခွင့်ရရှိသွားခဲ့ပါတယ်။ ယင်းပွဲများ အတွင်း OG ရဲ့ mid ကစားသမားဖြစ်သူ Topson ဟာ Morphling နဲ့ Silencer တို့ကို လက်စွမ်းပြ ကစားခဲ့ပြီးနောက် ပွဲအပြီးအင်တာဗျူးအတွင်းမှာတော့ လက်ရှိအချိန်ဖခင်တစ်ဦး အဖြစ်ဖြတ်သန်းနေရတဲ့ ဘဝအတွေ့အကြုံများနဲ့ Team Secret ရဲ့ mid ကစားသမား Nisha အပေါ် ထင်မြင်ယူဆချက်များကို ဖြေကြားသွားခဲ့ပါတယ်။

အင်တာဗျူးအတွင်းမှာ ESL One Germany 2020 ပြိုင်ပွဲကျင်းပရေးအဖွဲ့သားများက Topson ကို ဖခင်တစ်ဦး ဘဝရောက်ရှိလာတဲ့အတွက် ဂုဏ်ယူကြောင်းပြောခဲ့ကြပြီးနောက် ဒီကိစ္စဟာ သူ့ရဲ့ Dota 2 ကစားသမားဘဝအပေါ် သက်ရောက်မှုရှိလားဆိုတာကို မေးမြန်းခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Topson က

“ဖခင်တစ်ဦး ဖြစ်လာတဲ့အတွက် ကျွန်တော့်အနေနဲ့ အရင်ကထက်ပိုပြီး စိတ်အားထက်သန်မှုတွေရှိလာပါတယ်။
လက်ရှိမှာ Dota 2 ကစားတာအပြင် တခြားလုပ်စရာကိစ္စတွေအများကြီးရှိနေပြီး အရင်ကလို အချိန်အများကြီး မရတော့ပါဘူး။ ဒါကြောင့် ဂိမ်းကစားချိန်ရောက်လာရင် စိတ်နှစ်ပြီး ကစားဖြစ်ပါတယ်။ ဒီကိစ္စဟာ ကျွန်တော့်ကို အရင်ကထက် ပိုပြီး စိတ်ဓာတ်တက်ကြွလာစေတယ် လို့မြင်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

Topson and his daughter

ဒါ့အပြင် အင်တာဗျူးသူများဟာ Topson အနေနဲ့ ဘယ် mid ကစားသမားတွေကို ဥရောပရဲ့ ထိပ်သီး ၃ ဦးအဖြစ် ယူဆထားလဲဆိုတာကိုလည်းမေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ Topson က လက်ရှိ Team Secret ကစားသမားတစ်ဦးဖြစ်တဲ့ Nisha သာ အခြား mid ကစားသမားများအားလုံးထက်သာလွန်တယ်လို့ ထင်မြင်ယူဆထားကြောင်းဖြေကြားသွားခဲ့ပါတယ်။

OG အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ Ceb ဟာလည်း ဖခင်ဘဝရောက်လာတဲ့ Topson ကို အနားယူချိန်များ ပေးနေရကြောင်း ယခုလအတွင်းမှာပဲဖြေကြားသွားခဲ့တာပါ။ Dota 2 ပရိသတ်များကတော့ Topson နဲ့အတူ ရှေ့ဆက်ကြမယ့် OG အသင်းရဲ့ အနာဂတ်ကို ယခင်နှစ်များအတိုင်းထွန်းတောက်လာစေဖို့ မျှော်လင့်လျက် ရှိကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming