TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်တော့မည်

 

Dota 2 ပရိသတ်များ မျှော်လင့်စောင့်စားနေကြတဲ့ TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်ကျင်းပမယ့်နေ့ကတော့ မကြာသေးမီကပဲ ထွက်ပေါ်လာခဲ့ပါပြီ။ Valve ရဲ့ ကြေညာချက်အရ ဒီပွဲစဥ်များဟာ ယခုနှစ် ဇွန်လ ၂၃ ရက်နေ့က စ လို့ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး DPC ဒေသပေါင်း ၆ ခုအတွက် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ယင်းဒေသ ၆ ခုအနက် ပထမဆုံး စတင်မြင်တွေ့ရမှာကတော့ CIS နဲ့ တောင်အမေရိကဒေသတို့အတွက် regional qualifier ပွဲစဥ်များဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာပါ။ မြောက်အမေရိကနဲ့ အရှေ့တောင်အာရှအတွက် ပွဲစဥ်များကို ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဥရောပနဲ့ တရုတ်ပွဲစဥ်များကိုတော့ ဇူလိုင်လ ၇ ရက်နေ့ကနေ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ သန်း ၄၀ ချီးမြှင့်မယ့် TI10 ပြိုင်ပွဲကြီးမှာ အသင်းစုစုပေါင်း ၁၈ သင်း ဝင်ရောက်ယှဥ်ပြိုင်ကစားကြရမှာဖြစ်ပြီး ယင်းတို့အနက် အသင်း ၁၂ သင်းကို တိုက်ရိုက်ဖိတ်ကြားသွားမှာပါ။ ကျန် အသင်း ၆ သင်းကတော့ သက်ဆိုင်ရာ regional qualifier ပွဲစဥ်များကနေ တက်ရောက်လာရမှာ ဖြစ်ပါတယ်။

Regional qualifier ပွဲစဥ်များအပြီးမှာ ဒေသတစ်ခုချင်းအတွက် အသင်းတစ်သင်းစီကိုသာ ရွေးချယ်မှာဖြစ်လို့ ပါဝင်တဲ့အသင်းများဟာ အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရမှာပါ။ ယခု လဆန်းမှာ စတင်ကျင်းပတဲ့ WePlay AniMajor ဟာလည်း ၂၀၂၁ DPC ရဲ့ နောက်ဆုံးအခွင့်အရေးဖြစ်လို့ ယှဥ်ပြိုင်မှုများ ပြင်းထန်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ TI10 ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိတဲ့အသင်း ၄ သင်းသာ ပေါ်ထွက်လာပါသေးတယ်။ ယင်းတို့ကတော့ မြောက်အမေရိကရဲ့ Evil Geniuses, CIS ဒေသရဲ့ Virtus. pro, တရုတ်ရဲ့ Invictus Gaming နဲ့ ဥရောပရဲ့ Team Secret တို့ပဲ ဖြစ်ကြပါတယ်။

TI10 ကို တိုက်ရိုက်ဖိတ်ကြားခံရဖို့ ကြိုးစားနေဆဲ အသင်းများကတော့ Alliance, Quincy Crew, Beastcoast, PSG.LGD, Team Aster, Thunder Predator, T1, OB Esports x Neon, Vici Gaming, NoPing Esports, Team Liquid, Team Spirit, TNC Predator, Team Nigma, AS Monaco Gambit နဲ့ Execration တို့ပါ။ DPC season 2 အတွင်း ပါဝင်ခဲ့ဖူးပေမယ့် TI10 ကို တိုက်ရိုက်ဝင်ရောက်ခွင့် မရတဲ့အသင်းများကတော့ regional qualifier ကို အရင်ဆုံး စတင်ယှဥ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

Regional qualifier ပွဲစဥ်များကို double elimination bracket ပုံစံနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်မယ့်အသင်းများကို ယင်းတို့ရရှိခဲ့တဲ့ DPC point များနဲ့ ပြီးခဲ့တဲ့ regional league ပြိုင်ပွဲများအတွင်းက စွမ်းဆောင်ချက်များအပေါ် မူတည်ပြီး နေရာချ ထည့်သွင်းသွားမှာပါ။ TI10 ပြိုင်ပွဲကြီးကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရဲ့ Avicii Arena မှာ သြဂုတ်လ ၅ ရက်နေ့က စ လို့ ကျင်းပသွားမှာဖြစ်ပြီး main event အခမ်းအနားကိုတော့ သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Hwy

source: yahoo news