4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar

 

တရုတ်နိုင်ငံရဲ့ အင်အားကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 4AM ဟာ နာမည်ကျော် တရုတ် Dota 2 ကစားသမားများကို စုစည်းကာ အသင်းသစ်ထူထောင်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီကကြေညာခဲ့ပြီး ယင်းအသင်းသားစာရင်းမှာ Sylar ကို ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ 4AM ဟာ Sylar ကို ပြန်လည်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် Sylar ဟာ 4AM ရဲ့ ကစားသမားအနေနဲ့ ရှိနေခဲ့တာ တစ်ရက်သာကြာမြင့်ခဲ့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။ မူလကတော့ Paparazi လို့ လူသိများကြတဲ့ Vici Gaming ရဲ့ ကစားသမားဟောင်း Eurus ကို 4AM က ခေါ်ယူတော့မှာဖြစ်ကြောင်း ကောလဟလထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် ယခုလို Sylar ကို ခေါ်ယူပြီးမှ ပြန်လည်ထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်။

Reddit ပေါ်မှာ တရုတ် Dota လောကအကြောင်းအရာများကို မကြာခဏရေးသားလေ့ရှိသူ yjygwzs ရဲ့ အဆိုအရတော့ လက်ရှိ 4AM ကစားသမား များဖြစ်ကြတဲ့ Somnus丶M, Yang, fy နဲ့ RedPanda တို့ဟာ အသင်းအတွင်း Sylar ဝင်ရောက်လာမှာကို မသိခဲ့ကြတဲ့အပြင် ပရိသတ်များ ခန့်မှန်းထားခဲ့တဲ့အတိုင်း Eurus ရောက်ရှိလာမယ်လို့သာ ခန့်မှန်းထားခဲ့ကြတာလည်းဖြစ်ပါတယ်။

ထုတ်ခံရတဲ့အကြောင်းကို စတင်ဖွင့်ချခဲ့သူကတော့ Sylar ကိုယ်တိုင်ဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ China Dota2 Pro Cup ရဲ့ Panelist တစ်ယောက်ဖြစ်တဲ့ “DD” ကို message ပို့ခဲ့တာဖြစ်ပါတယ်။ Panel ထိုင်နေချိန်အတွင်း msg လက်ခံရရှိခဲ့တဲ့ “DD” ဟာ message ကို live မှာ ဖတ်ပြခဲ့ပြီး 4AM က လူတွေကို အရူးလုပ်နေတာလားဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ယခုအချိန်မှာတော့ 4AM ဟာ Sylar ပါဝင်တဲ့ Dota 2 အသင်းသားစာရင်းကြေညာချက်ကို Weibo ပေါ်ကနေ ပြန်လည်းဖယ်ရှားသွားခဲ့ပါပြီ။

China Pro Dota2 Cup Panel

တရုတ် Dota 2 ပရိသတ်များကတော့ 4AM တာဝန်ရှိသူများရဲ့ လုပ်ရပ်ကို မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။ ယင်းတို့ဟာ တရုတ် Dota 2 လောကရဲ့ ထိပ်တန်း carry ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ Eurus ကို 4AM အသင်းသားအဖြစ်တွေ့မြင်နေခဲ့ကြပေမယ့် အထမမြောက်ခဲ့သလို ဝါရင့် ကစားသမားကြီး Sylar ကိုလည်း ခေါ်ယူပြီးမှ ချက်ချင်းပြန်လည်ထုတ်ပယ်လိုက်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Sylar ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အခြားတရုတ် Dota 2 အသင်းများဖြစ်ကြတဲ့ Team Aster, EHOME, PSG.LGD စ တဲ့အသင်းများနဲ့ရော ကစားသမားများနဲ့ပါ ကတောက်ကဆ ပြဿနာ အမြောက်အများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

လက်ရှိမှာ 4AM ကရော Vici Gaming ကပါ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။ ကောလ ဟာလများအရ 4AM ရဲ့ ကျန်တဲ့အသင်းသား (၄) ယောက်ဖြစ်တဲ့ Maybe, fy, RedPanda နဲ့ Yang တို့ဟာ Eurus ကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ရဲ့ လစာငွေတွေကို လျှော့ယူမယ်လို့ သူဘောတူထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ Vici Gaming ကနေ Eurus ကိုခေါ်ယူနိုင်ဖို့ သတ်မှတ်ထားတဲ့ ပမာဏကိုတော့ ဒေါ်လာ ၂၆၀,၀၀၀ ခန့်ရှိတယ်လို့ VPEsports ကဖော်ပြထားပါတယ်။

Roster from First Announcement

4AM အနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေ ထပ်မံပြုလုပ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။ တရုတ် Dota 2 ပရိသတ်များကတော့ The International ပွဲကြီးများမှာ ဗိုလ်စွဲဖို့ ၃ နှစ်ကျော် အလှမ်းဝေးခဲ့သလို အပြောင်းအလဲလည်းမြန်ဆန်လှတဲ့ တရုတ်အသင်းများနဲ့ ကစားသမားများကို အားမလိုအားမရဖြစ်လျက်ရှိနေကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports,VPesports