လူကိုယ်တိုင် ကန်နေရသလို ခံစားမှုပေးနိုင်မယ့် ဘောလုံးမိုဘိုင်းလ်ဂိမ်း – Score! Hero(2)

 

အင်တာနက်ကို လူတိုင်းအလွယ်တကူ မရရှိနိုင်တဲ့ အခြေအနေတစ်ခုမှာ Offline လည်း ကစားလို့ရ မြန်မာနိုင်ငံသားတွေရဲ့ အနှစ်သက်ဆုံးအားကစား ဖြစ်တဲ့ ဘောလုံးနဲ့ ပါတ်သက်တဲ့ ဖုန်းဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

နာမည်ကတော့ Score Hero 2 လို့ခေါ်ပါတယ်။ UK အခြေစိုက် First Touch Game ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ သူ့အရှေ့က Score Hero ဂိမ်းကို ၂၀၁၅ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ အခု Score Hero 2 ကတော့ ဗားရှင်းအသစ်ဖြစ်ပြီး ၂၀၂၁ ဧပြီလထဲမှာ ထွက်ရှိခဲ့တာပါ။

ဒီဂိမ်းရဲ့ အကြိုက်ဆုံးအချက်ကတော့ လူကိုယ်တိုင် အပြင်မှာ တကယ်ကန်နေရသလို ခံစားမှု ပေးနိုင်လို့ပါပဲ။ သူရဲ့စတိုင်က တခြားဘောလုံးဂိမ်းတွေလို ကစားသမား (၁၁) ယောက်လုံးကို ထိမ်းချုပ်ရတာမဟုတ်ပဲ ဘောလုံးလက်ခံရရှိတဲ့ ကစားသမားတစ်ဦးစီကိုပဲ ထိန်းချုပ်ရတာပါ။

ဂိမ်းရဲ့ အဆင့်တစ်ခုစီတိုင်းအတွက် အခြေအနေ ဇာတ်ညွန်း တစ်ခုစီ ရှိပါတယ်။ ကိုယ်ထိန်းချုပ်ရတဲ့ ကစားသမားက နောက်ပြန်ပေးမလား ရှေ့ကိုကန်တင်မလား ဖြတ်တင်ဘောကန်မလား ဂိုးလှမ်းသွင်းမလား ဆိုတာမျိုးကို ကြိုက်သလို ဆုံးဖြတ် ပြုလုပ်နိုင်ပါတယ်။ အဲဒီ action တွေကို ပြုလုပ်တဲ့အခါ ခလုတ်တစ်ချက်နှိပ်ပြီး Control လုပ်တာမျိုးမဟုတ်ပဲ ဘောလုံးသွားမယ်လမ်းကြောင်းကို လက်နဲ့ဆွဲပြရတဲ့ သဘောပါ။

ကိုယ်ပေးချင်တဲ့လူကို ထောက်ပြီး ရွေးချယ်နိုင်ပြီး နောက်ဆုံးမှာတော့ ဂိုးဝင်အောင် ကန်သွင်းရမှာ ဖြစ်ပါတယ်။ David Beckham လို Free Kick ဂိုးတွေကို ဝေ့ဝိုက်ပြီး ကန်သွင်းနိုင်သလို C.Ronaldo, Messi တို့လိုမျိုး အဝေးကနေ အပြင်း ကန်သွင်းတာမျိုးတွေပါ ပြုလုပ်နိုင်ပါတယ်။ Level အမြင့်တွေရောက်လာလေ ဂိုးသမားက ကောင်းလာလေ ဖြစ်တဲ့အတွက် ထောင့်နားကို ကန်သွင်းဖို့တော့ လိုပါလိမ့်မယ်။

Level တစ်ခုချင်းစီမှာ Mission (၃) ခုစီရှိပါတယ်။ ထောင့်ကို ကန်သွင်းရတာမျိုးတွေ၊ အဝေးက ကန်သွင်းရတာမျိုးတွေ၊ သတ်မှတ်ထားတဲ့ Player နဲ့ Assist သို့မဟုတ် ဂိုးသွင်းရတာမျိုးတွေ၊ တိုင်ထိအောင် ကန်ပြီး ဂိုးသွင်းရတာမျိုးတွေ စတဲ့ Mission တွေက တစ်ပွဲနဲ့တစ်ပွဲနဲ့တစ်ပွဲ မတူအောင် ချထားပေးပါတယ်။ Mission တစ်ခုအောင်မြင်ရင် ကြယ်တစ်ခုရပြီး သတ်မှတ်ထားတဲ့ ကြယ်အရေအတွက်ပြည့်မှ နောက်ရာသီတစ်ခုကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

အရင် Score Hero နဲ့ Score Hero 2 ရဲ့ ကွာခြားချက်တွေကတော့ Graphic အပိုင်း ပိုမိုကောင်းမွန်လာပြီး အထဲမှာပါတဲ့ အသင်း Logo တွေနဲ့ Jersey တွေက အပြင်ကအတိုင်း မှန်ကန်လာတာပါ။ ဒါ့အပြင် စပိန်လာလီဂါ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ ဟော်လန်လိဂ်၊ ဘယ်လ်ဂျီယံလိဂ် တွေနဲ့ပါ တရားဝင် စာချုပ်ချုပ်ပြီး အသုံးပြုခွင့်လိုင်စင်များ ဝယ်ယူထားတာကို တွေ့ရပါတယ်။

Score Hero (2) ဟာ အခမဲ့ ဒေါင်းလုပ် ပြုလုပ်နိုင်တဲ့ Offline မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပြီး iOS မှာရော Android မှာပါ ရယူနိုင်ပါတယ်။ File Size က ခန့်မှန်းခြေ 300 MB 400 MB ဝန်းကျင် ရှိပါတယ်။ အနှစ်ချုပ်အားဖြင့်ဆိုရင် ကစားရ လွယ်ကူပြီး ဆော့ပျော်တဲ့ မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့အပြင် စာရေးသူကတော့ နေ့တိုင်းဆော့နေတဲ့အဆင့် ရောက်နေပြီမလို့ အားလုံးဆော့နိုင်ဖို့ မိုဘိုင်းဂိမ်း အညွှန်းအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။