Valorant ကို ပြောင်းဆော့ကြတဲ့ CS:GO Pro ကစားသမားဟောင်းတွေ လခ ဘယ်လောက်ရနေကြလဲ

 

Riot ရဲ့ နာမည်ကြီး FPS ဂိမ်းဖြစ်တဲ့ Valorant ဟာ စတင်ထွက်ရှိစဉ်တည်းက ယခုအချိန်ထိ ဂိမ်မာအမြောက်အများရဲ့ အကြီးအကျယ်အားပေးခြင်းကို ရရှိထားတဲ့ဂိမ်းတစ်ခုပါ။ Valorant မှာ ယခုအချိန်ထိ ကြီးကြီးမားမားပြိုင်ပွဲတွေ မရှိသေးပေမယ့် CS:GO pro ကစားသမားဟောင်းအချို့ကတော့ Valorant အသင်းများဆီကို ကူးပြောင်းကာ အစုအဖွဲ့လိုက် ကြိုတင်ကစားနေကြပါပြီ။

မကြာသေးမီကမှ Team Liquid ရဲ့ နာမည်ကြီး CSGO Player တစ်ယောက်ဖြစ်တဲ့ “nitr0” ဟာ “100 Thieves” ရဲ့ Valorant အသင်းက်ို ပြောင်းလဲကစားခဲ့ပါသေးတယ်။ သူ့အရင်ကလည်း နာမည်ကြီး CSGO ကစားသမားတွေဖြစ်တဲ့ ScreaM, Hiko, dapr, ShahZam, freakazoid, TenZ, Brax စတဲ့သူတွေဟာ Valorant ကိုပြောင်းလဲကစားပြီး နာမည်ကြီးအသင်းတွေကို ရောက်ရှိနေကြပါတယ်။

Team Liquid ရဲ့ CS:GO နည်းပြသစ်ဖြစ်သူ Jason “moses” O’Toole ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ podcast တစ်ခုအတွင်းမှာ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောသွားခဲ့ပါတယ်။ Moses ပြောသွားခဲ့တဲ့အဓိကအကြောင်းအရာများအတွင်းမှာ CS:GO ကနေ ကူးပြောင်းသွားတဲ့ Valorant ကစားသမားများ ရရှိတဲ့ လစာအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

Podcast အတွင်းက moses ရဲ့အဆိုအရတော့ သူဟာ Counter-Strike ကို အလွန်သံယောဇဉ်ရှိသူဖြစ်လို့ pro ကစားသမားအချို့ Valorant ကို ကူးပြောင်းသွားတာမြင်ရချိန်မှာ စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Valorant ကစားသမားများ ရရှိတဲ့လစာပမာဏကို သိလိုက်ရပြီး ယင်းတို့အပေါ်အမြင် ပြန်လည်ပြောင်းလဲသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“လက်ရှိအချိန် CS:GO ကနေ Valorant ကို ပြောင်းသွားတဲ့ pro ကစားသမားတွေရဲ့ လစာက တစ်လကို ဒေါ်လာ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြား ပမာဏအထိတောင် ရှိနေပါတယ်။ Valorant မှာ ပြိုင်ပွဲကြီးကြီးမားမားမရှိသေးသလို pro အသိုင်းအဝိုင်းလည်း ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ အခုလိုအချိန်မှာတင် ဒီပမာဏလောက်အထိ ရနေကြတာပါ။ အခုရှိတဲ့ပြိုင်ပွဲလေးတွေက အဖြစ်လောက်ပဲလုပ်နေကြသေးတာများပါတယ်” လို့ moses က ပြောပါတယ်။

လက်ရှိအချိန် CS:GO pro ကစားသမားရဲ့ ဝင်ငွေကလည်း မနည်းလှပါဘူး။ Cloud9 CS:GO အသင်းဟာ ယင်းတို့အသင်းကို ဦးဆောင်မယ့် ကစားသမားသစ်အဖြစ် Vitality အသင်းသားဟောင်း ALEX ကို မကြာသေးမီက ခေါ်ယူခဲ့ပါတယ်။ Cloud9 အသင်းမန်နေဂျာဖြစ်သူ HenryG ရဲ့ အဆိုအရ ALEX ဟာ အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒေါ်လာ ၁,၆၅၀,၀၀၀ ကျော်ရရှိသွားခဲ့တယ်လို့ ဆိုထားပါတယ်။

Valorant မှာသာ ပြိုင်ပွဲကြီးတွေ စဉ်ဆက်မပြတ်ကျင်းပလာခဲ့ရင် pro ကစားသမားများရဲ့ လစာဟာ ယခုထက်တောင် ပိုပြီးများပြားလာနိုင်ပါတယ်။ ယှဉ်ပြိုင်မှုပြင်းထန်လှတဲ့ အပစ်အခတ်ဂိမ်းလောကအတွင်းက Valorant ကစားသမားများရဲ့ လက်ရှိလစာပမာဏအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming