ကျောင်းသားဘဝနဲ့ CS:GO ကို ကြိုးပမ်းကစားခဲ့ရတဲ့အကြောင်း ပြောပြသွားခဲ့တဲ့ s1mple

 

CS:GO လောကရဲ့ နာမည်အကြီးဆုံး pro ကစားသမားများထဲက တစ်ဦးဖြစ်သူ Oleksandr “s1mple” Kostyliev ဟာ သူ့အနေနဲ့ ကျောင်းသားဘဝမှာတုန်းက ဂိမ်းကြိုးပမ်းကစားခဲ့ရတဲ့အကြောင်းများကို မကြာသေးမီက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ လူငယ် CS:GO ကစားသမား Aurimas “Bymas” Pipiras ဟာ CS:GO ကစားရင်း ကျောင်းတက်နေရတာ ခက်ခဲပင်ပန်း ကြောင်း တွစ်တာပေါ်မှာရေးသားခဲ့တဲ့အတွက် s1mple က သူ့ရဲ့လူငယ်ကစားသမားဘဝ ရုန်းကန်ခဲ့ရပုံများကို ပြန်လည်ပြောပြပြီး အားပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

S1mple ရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်မှာ သူဟာ အသက် ၁၆ နှစ်အရွယ်သာရှိသေးပြီး ကျောင်းတက်ရင်း CS:GO ကို အချိန်လုကစားခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုစဉ်က s1mple ဟာ မနက် ၇ နာရီခွဲ အိပ်ရာထပြီး ကျောင်းကို ညနေ ၃ နာရီအထိ တက်ခဲ့ရသလို CS:GO ကိုလည်း ညနေ ၅ နာရီကနေ မနက် ၃ နာရီအထိ လေ့ကျင့် ကစား ခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်။

ယင်းအချိန်တုန်းက s1mple ဟာ FACEIT Pro League (FPL) မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် cyberarena မှာ စခန်းသွင်းလေ့ကျင့်နေခဲ့တာပါ။ ညစဉ်အိပ်ချိန်အလွန်နည်းပါးတဲ့တွက် အဆင်ပြေရာ အတန်းချိန် အတွင်းမှာ ၄၅ မိနစ်လောက် အိပ်စက်ခဲ့ရသလို FPL ကြောင့်ပဲ သူ့အနေနဲ့ အင်္ဂလိပ်စာကို တတ်မြောက်အောင် သင်ယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

S1mple ဟာ ကျောင်းသားဘဝမှာ တစ်နေ့ကို ဆယ်နာရီလောက် CS:GO ကစားရင်း FPL မှာ အကောင်းဆုံး ကြိုးပမ်းယှဉ်ပြိုင်ခဲ့သလို ပညာရေးမှာလည်း မလစ်ဟင်းရအောင် ကြိုးပမ်းနိုင်ခဲ့သူပါ။ ဒါကြောင့် သူ့အနေနဲ့ CS:GO လောကထဲကို ခြေစုံပစ်ဝင်လာချိန်မှာ လူတကာထက်သာလွန်တဲ့ ထိပ်တန်း pro ကစားသမား တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Bymas ပြောသွားခဲ့တဲ့အကြောင်းအရာများထဲမှာတော့ လက်ရှိအချိန်မှာ သူ့အနေနဲ့ မနက် ၇ နာရီထပြီး ညနေ ၃ နာရီအထိ ကျောင်းတက်နေရကြောင်း၊ အိမ်ပြန်ရောက်ချိန်က စ လို့ ည ၂ နာရီအထိ ရှစ်နာရီခန့်ကြာအောင် CS:GO ကို မရပ်မနားတမ်းကစားရကြောင်း၊ သူ့အတွက် ကျောင်းသားဘဝနဲ့ CS ကစားရတာ ခက်ခဲ ပင်ပန်းနေကြောင်းသာ ပြောခဲ့တာဖြစ်ပြီး မည်သူ့ကိုမှ အပြစ်တင်နေတာမဟုတ်သလို ငြီးတွားနေတာ လည်းမဟုတ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

bymas from mousesports

CS:GO လောကထဲက အခြားနာမည်ကျော်ပုဂ္ဂိုလ်များဖြစ်ကြတဲ့ ropz, SPUNJ, k1to, shox အစရှိသူတို့ဟာလည်း သူတို့အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာများကို ပြောပြခဲ့ပြီး Bymas ရဲ့ ရုန်းကန်ကြိုးပမ်းနေမှုအတွက် အသိအမှတ်ပြုအားပေးသွားခဲ့ကြပါတယ်။ S1mple ပြောပြသွားခဲ့တဲ့ အကြောင်းအရာလေးဟာ လူငယ်ဂိမ်မာများမှတ်သားအတုယူဖွယ်ဖြစ်တာမို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming