4AM ရဲ့ ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ ခံစားခဲ့ရတဲ့ rOtK

 

Vici Gaming (VG) ရဲ့ နည်းပြဟောင်းဖြစ်ပြီး ဝါရင့်တရုတ် Dota 2 ကစားသမားဟောင်းကြီးတစ်ဦးလည်းဖြစ်သူ Bai “rOtK” Fan ဟာ Dota 2 pro လောက ကနေ ခေတ္တအနားယူတော့မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် rOtK ဟာ သူ့အနေနဲ့ ယခင်က ကောလဟလထွက်ပေါ်ခဲ့တဲ့အတိုင်း အသစ်ဖွဲ့စည်းထားတဲ့ Four Angry Men (4AM) အသင်းကို နည်းပြအဖြစ် မဝင်ရောက်ဖြစ်တော့တဲ့ အကြောင်းအရင်းများကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီအကြောင်းကို rOtK ဟာ Weibo ပေါ်က stream ဗီဒီယိုတစ်ခုအတွင်းမှာ ပြောသွားခဲ့တာပါ။ rOtK ရဲ့ ပြောကြားချက်များ အရ သူဟာ 4AM အသင်းသစ်စတင်ဖွဲ့စည်းစဉ်တည်းက နည်းပြအဖြစ်ဝင်ရောက်ဖို့ အမှန်တကယ် ရည်ရွယ်ထားခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အစီအစဉ်ပျက်သွားပြီဖြစ်သလို ယင်းကိစ္စ အတွက် ကြုံတွေ့ခဲ့ရတဲ့အခြေအနေများကြောင့်လည်း စိတ်ရောကိုယ်ပါပင်ပန်းခဲ့ရတယ်လို့ဆိုပါတယ်။

4AM အသင်းရဲ့ လက်ရှိကစားသမားဖြစ်သူ Xu “fy” Linsen ဟာ အသင်းမဖွဲ့စည်းခင်တည်းက ပါဝင်လာမယ့်သူများစာရင်းကို ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး rOtK ဟာ ယင်းတို့ရဲ့ နည်းပြ ဖြစ်လာမယ့် အကြောင်းကိုလည်း ပြောခဲ့ဖူးပါတယ်။ ထိုအချိန်တုန်းက တရုတ် Dota 2 လောကမှာ ကြီးမားတဲ့ အသင်းသား အပြောင်းအလဲ များပြုလုပ်နေကြချိန်ဖြစ်ပြီး rOtK ကိုယ်တိုင်ဟာလည်း ၂ နှစ်ဆက်တိုက်နည်းပြလာခဲ့တဲ့ VG အသင်းက ထွက်ခွာလာခဲ့ချိန်ဖြစ်ပါတယ်။

တကယ်တော့ rOtK ဟာ 4AM အသင်းကို နည်းပြအဖြစ်ဝင်ရောက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့လပေါင်းများစွာတည်းက ညှိနှိုင်းမှုများ ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ 4AM ရဲ့ တာဝန်ရှိသူများဟာ သူ့ကို လစာပေးဖို့ အစီအစဉ်မရှိကြောင်း ပြောပြီး ငြင်းဆိုလာခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ rOtK က “4AM ကို ဝင်ချင်ရတဲ့အဓိကအကြောင်းအရင်းက ရည်မှန်းချက် ပန်းတိုင်သစ်တွေ ဆွတ်ခူးဖို့ပါ။ အသင်းပြောင်းမယ့်အချိန်အစောပိုင်းတုန်းက 4AM ရဲ့ တာဝန်ရှိသူတွေဟာ ကျွန်တော့်လစာကိစ္စအတွက် သဘောတူခဲ့ကြပြီး fy နဲ့ Somnus丶M တို့ကလည်း ကျွန်တော့်ကို 4AM ရဲ့ နည်းပြဖြစ်လာစေဖို့ ကူပြောပေးနေခဲ့ကြပါတယ်။”

“ဒါကြောင့် VG နဲ့ Team Aster တို့ရဲ့ ခေါ်ယူမှုတွေကို ကျွန်တော်ငြင်းဆိုခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ 4AM ဆီကရမယ့် လစာရဲ့တစ်ဝက်ကို major တစ်ခုခု ဒါမှမဟုတ် TI နိုင်မှပဲ ယူမယ်ဆိုပြီး VAM (valuation adjustment mechanism) စနစ်နဲ့ နည်းပြဝင်လုပ်ဖို့အထိတောင် ပြောထားခဲ့တာပါ။ ဒီအခြေအနေ အထိ ရောက်တော့မှ 4AM က ကျွန်တော့်ကို အကြောင်းမပြန်တော့ပါဘူး။”

“နောက်ဆုံးကျတော့ 4AM ကစားသမားတွေက ကျွန်တော့်ကို VAM စနစ်အကြောင်း မေ့ထားလိုက်ပြီး လစာနည်းနည်းနဲ့ပဲ ဝင်လုပ်ဖို့ ပြောလာပါတယ်။ အဲဒါကိုပါ ကျွန်တော် ထပ်လက်ခံခဲ့ပါသေးတယ်။ တစ်ရက်ကျတော့ 4AM ရဲ့ တာဝန်ရှိသူတွေက ကျွန်တော့်ကို ရုတ်တရတ်ဆက်သွယ်လာပြီး သူတို့သူဌေးအနေနဲ့ ငွေကြေးမတတ်နိုင်တော့လို့ နည်းပြမခေါ်တော့ကြောင်းတစ်ခွန်းပဲပြောပြီးငြင်းသွားခဲ့ပါတယ်။” လို့ ဝမ်းနည်းစွာ ပြောသွားခဲ့ပါတယ်။

4AM ရဲ့ တာဝန်ရှိသူများနဲ့ ညှိနှိုင်းမှုဟာ ဒီနေရာမှာတင် မရပ်တန့်သွားခဲ့ပဲ fy နဲ့ Somnus丶M အပါအဝင် ကစားသမားများက သူ့ကိုခေါ်ယူဖို့ ဆက်လက်​တောင်းဆို ပေးနေခဲ့ကြတယ်လို့လည်း rOtK က ဆိုပါတယ်။ ဒါကြောင့် 4AM ရဲ့ တာဝန်ရှိသူများဟာ rOtK ကို ၂ ရက်အတွင်း ထပ်မံအကြောင်းပြန်ပေးဖို့ သဘောတူခဲ့ကြပြီး ယင်းရက်များအတွင်းမှာ Liu “Sylar” Jiajun ပါဝင်တဲ့ အသင်းသားစာရင်းကို ကြေညာခဲ့ကြပါတယ်။

4AM Roster

နောက်ပိုင်းမှာတော့ Sylar ကို အသင်းသားစာရင်းကနေ ပြန်လည်ထုတ်ပယ်ခဲ့ပြီး ယခင်က ကောလဟလ ထွက်ခဲ့ဖူးတဲ့အတိုင်း Zhang “Eurus” Chengjun ကိုပဲ ခေါ်ယူခဲ့ပါတယ်။ ယင်းနောက်မှာတော့ 4AM ရဲ့ တာဝန်ရှိသူများဟာ ယင်းတို့အနေနဲ့ Eurus ကို ခေါ်ယူဖို့အတွက် VG အသင်းကို ပြောင်းရွှေ့ကြေးပေးလိုက်ရလို့ အဖွဲ့အစည်းမှာ ငွေမရှိတော့ကြောင်း၊ တကယ်လို့ Sylar ကိုသာ ခေါ်ယူခဲ့ရင် နည်းပြခေါ်ပြီး လစာပေးဖို့ ငွေရှိ​နေဦးမှာဖြစ်ကြောင်း၊ ယခုအချိန်မှာတော့ rOtK ကို လုံးဝမခေါ်ယူနိုင်တော့ကြောင်း ထပ်မံအကြောင်းကြားပြီး ငြင်းဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်များအပြီးမှာ rOtK ဟာ VG အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ Chen Qing နဲ့ ညစာအတူ စားဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြသွားခဲ့ပါတယ်။ rOtK ရဲ့ အဆိုအရ သူထွက်ခွာလာခဲ့တဲ့ VG အသင်းဟာ သူ့ကို နည်းပြအဖြစ် ပြန်လည်ရောက်လာစေဖို့အတွက် လိုလားလျက်ရှိတယ်လို့ ဆိုပါတယ်။

rOtK ဟာ VG အသင်းရဲ့တာဝန်ရှိသူများကတော့ သူ့ကိုရော ကစားသမားများအားလုံးကိုပါ လေးလေးစားစား ဆက်ဆံခဲ့ကြတဲ့အကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ VG ကို နည်းပြခဲ့စဉ်အချိန်များမှာ major ပြိုင်ပွဲကြီး ၂ ခုကို အနိုင်ရရှိခဲ့ပြီး TI9 မှာ အဆင့် ၆ နေရာအထိ ရရှိခဲ့တဲ့အကြောင်းကိုလည်း ပြောသွားခဲ့ပါသေးတယ်။

လက်ရှိကမ္ဘာ့အင်အားအကြီးဆုံး Dota 2 အသင်းအဖြစ်ရပ်တည်နေတဲ့ Team Secret ရဲ့ ဥက္ကဌဖြစ်သူ John Yao ကလည်း 4AM အသင်းနဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်မှုများကို မကြာသေးမီကပြုလုပ်ခဲ့ပါတယ်။ ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ ယင်းပို့စ်အတွင်းမှာတော့ John Yao က တရုတ်ကစားသမားများ အနေနဲ့ 4AM လို ဆိုးရွားတဲ့အဖွဲ့အစည်းကို ဘာလို့ဝင်သွားကြတာလဲဆိုတာ နားမလည်ကြောင်း အဓိက ပြောသွားခဲ့ပါတယ်။

John Yao and Puppey

rOtK ကတော့ လက်ရှိမှာ သူ့အနေနဲ့ စိတ်ဓာတ်ပျက်ပြားသွားပြီဖြစ်လို့ ဘယ်အသင်းကိုမှ မဝင်တော့ပဲ ခေတ္တအနားယူဖို့ ဆုံးဖြတ်လိုက်​ပြီဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ တရုတ်ပရိသတ်များနဲ့ Dota 2 ချစ်သူများကတော့ 4AM တာဝန်ရှိသူများရဲ့ အပြောင်းအလဲမြန်ဆန်တဲ့လုပ်ရပ်များကို မကျေမနပ်ဖြစ်နေကြသလို rOtK ခေတ္တအနားယူသွားတဲ့အတွက်လည်း ဝမ်းနည်းလျက်ရှိကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg