[Unicode]

၂၀၂၀ Razer အရှေ့တောင်အာရှ ဖိတ်ခေါ် Esports ပြိုင်ပွဲကြီး (Razer-SEA Invitational 2020) လာမည်

 

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၂၀၁၉ ဆီးဂိမ်း Esports ပြိုင်ပွဲများမှာ ဂိမ်းပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Razer ဟာ အရေးပါတဲ့အခန်းကဏ္ဍများမှာ အားဖြည့်ပါဝင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Razer ဟာ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြရမယ့် ၂၀၂၀ Razer အရှေ့တောင်အာရှ ဖိတ်ခေါ် Esports ပြိုင်ပွဲကြီး (Razer-SEA Invitational 2020) ကို ကိုယ်တိုင်ကြီးမှူးကျင်းပတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အွန်လိုင်းပေါ်ကနေ ပြုလုပ်ကျင်းပမယ့် ဒီပြိုင်ပွဲကြီးရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှဒေသရဲ့ Esports ဖယ်ဒရေးရှင်းများ၊ Esports ကစားသမားများ၊ Esports လောကသားများကို ထောက်ခံပံ့ပိုးမှုများ ပြုလုပ်ရန်အတွက်ဖြစ်သလို ဗီယက်နမ်မှာ ကျင်းပမယ့် ၂၀၂၁ ဆီးဂိမ်းအတွက် ပြင်ဆင်နိုင်ကြစေရန် အတွက်လည်းဖြစ်တယ်လို့ Razer က ကြေညာထားပါတယ်။ ရွှေတံဆိပ်ချီးမြှင့်တဲ့ ၂၀၁၉ ဆီးဂိမ်း Esports ပြိုင်ပွဲမှာ ဖြစ်ပေါ်လာခဲ့တဲ့ စိတ်လှုပ်ရှားမှုများကို ပြင်လည်အသက်သွင်လိုကြောင်းလည်း Razer ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

ပြိုင်ပွဲကိုတော့ ဇွန်လ ၂၂ ရက်နေ့ကနေ စတင်ကျင်းပမှာဖြစ်ပြီး ဂရင်းဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲအတွင်းမှာ အဓိကပါဝင်လာမယ့် Esports ဂိမ်းအမျိုးအစား ၃ ခုအဖြစ် Dota 2, MLBB နဲ့ PUBG Mobile တို့ကိုလည်း ကြေညာချက်အတွင်း ဖော်ပြထားပါတယ်။

Razer-SEA Invitational 2020 အတွင်းမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံများကတော့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူနိုင်း တို့ပဲ ဖြစ်ကြပါတယ်။ နိုင်ငံအသီးသီးရဲ့ သက်ဆိုင်ရာ Esports ဖက်ဒရေးရှင်းများက သတ်မှတ်ပေးတဲ့ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်နိုင်ကြမှာဖြစ်ပြီး qualifier ပွဲစဉ်များကိုတော့ မေလနဲ့ ဇွန်လများအတွင်းမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Razer-SEA Invitational 2020 ရဲ့ ပွဲစဉ်များကို Razer ရဲ့ ဆိုရှယ်ချန်နယ်များဖြစ်ကြတဲ့ YouTube, Twitch နဲ့ Facebook ပေါ်များမှာ စောင့်စားကြည့်ရှုနိုင်ကြမှာပါ။ ဒီပြိုင်ပွဲအတွက် တဲလန့်ပရိုမိုးရှင်းများနဲ့ ထုတ်လွှင့်မှုပိုင်းများကို ဖိလစ်ပိုင်ရဲ့ ဂိမ်းမင်းအေဂျင်စီဖြစ်တဲ့ Tier One Entertainment က တာဝန်ယူကြောင်းကိုလည်း ကြေညာထားပါတယ်။

အသေးစိတ်အချက်အလက်များကိုတော့ ပြိုင်ပွဲရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာဖြစ်တဲ့ www.razer.com/sea-invitational မှာ ဖတ်ရှုနိုင်ပါတယ်။ Razer-SEA Invitational 2020 ပြိုင်ပွဲဟာ ပရိသတ်များနဲ့ ရင်းနှီးနေပြီးသား Esports များကို အရှေ့တောင်အာရှကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့်ပွဲကြီးဖြစ်တာမို့ စောင့်မျှော်ကြည့်ရှုနိုင်အောင် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Razer, oneesports.gg


[ZawGyi]


 






