အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိလာနိုင်တဲ့ PUBG Mobile

 

အိန္ဒိယနိုင်ငံအတွင်း ပိတ်ပင်ခံထားရတဲ့ PUBG Mobile ဟာ ယင်းတို့အနေနဲ့လည်း နိုင်ငံအတွက် ဂိမ်းဆာဗာများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ PUBG Mobile ဟာ အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိ လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

PUBG အမှတ်တံဆိပ်ကို တရားဝင်ပိုင်ဆိုင်ထားသူဟာ ဂိမ်းကို စတင်ဖန်တီးခဲ့တဲ့ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ကုမ္ပဏီ Tencent ကတော့ PUBG Mobile ဖြန့်ချိခွင့်ကိုသာ ရရှိထားခဲ့တာပါ။ ယခုအချိန်မှာတော့ တောင်ကိုရီးယားကုမ္ပဏီဟာ အိန္ဒိယအတွင်း ပိတ်ပင်ခံထားရတဲ့ PUBG Mobile ကို အခြားနည်းလမ်းနဲ့ နိုင်ငံအတွင်း အသစ်တစ်ဖန်ပြန်လည်ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒီအကြောင်းကို TechCrunch ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားခဲ့တာဖြစ်ပြီး PUBG Mobile အနေနဲ့ အိန္ဒိယနိုင်ငံအတွက် ပြန်လည်ဖြန့်ချိနိုင်ဖို့ ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သလို အိန္ဒိယရဲ့အထင်ကရ ဒီပါဝလီပွဲတော်နဲ့အတူ ရောက်ရှိလာတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် PUBG Mobile အနေနဲ့ အိန္ဒိယသီးသန့် ဖြန့်ချိသူနဲ့ ဂိမ်းဆာဗာများ ရှာဖွေနေခဲ့သလို သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက လက်ခံလာအောင် ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။

ယခုနှစ် စက်တင်ဘာလက စလို့ အိန္ဒိယအစိုးရဟာ PUBG Mobile အပါအဝင် တရုတ် app အမြောက်အများကို နိုင်ငံအတွင်း ပိတ်ပင်ထားခဲ့တာဖြစ်ပြီး အိန္ဒိယ Play Store နဲ့ iOS App Store များပေါ်ကနေလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် Tencent ကနေ အိန္ဒိယအတွက် ဂိမ်းဆာဗာများကို ပိတ်သိမ်းလိုက်ကြောင်း ကိုတော့ အောက်တိုဘာလကုန်မှာမှ ကြေညာခဲ့တာပါ။

PUBGM Club Open India Final

ဒါ့အပြင် Tencent အနေနဲ့ အိန္ဒိယနိုင်ငံတွင်း PUBG Mobile ဖြန့်ချိခွင့်ကို တောင်ကိုရီးယားကုမ္ပဏီထံ ပြန်လည်ပေးအပ်လိုက်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် PUBG Mobile ဟာ အိန္ဒိယနိုင်ငံအတွင်း အသစ်တစ်ဖန်ပြန်လည်ဖြန့်ချိဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း အများက ယူဆလာကြသလို ယခုလို သတင်းများထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်း PUBG Mobile ဈေးကွက်ဟာ အလွန်ကြီးမားခဲ့ပြီး ယင်းတစ်နိုင်ငံတည်းကနေ ဂိမ်းကို install ပြုလုပ်မှုပေါင်း ၁၇၅ သန်းကျော်အထိ ရရှိထားခဲ့တာပါ။ ဒါဟာ တစ်ကမ္ဘာလုံးကနေ PUBG Mobile ရရှိထားတဲ့ စုစုပေါင်း install အရေအတွက်ရဲ့ ၂၄ ရာခိုင်နှုန်းဖြစ်ပြီး ဒီပမာဏကို ဆုံးရှုံးခဲ့ရတာဟာ PUBG Mobile အတွက် လွန်စွာအထိနာစေခဲ့ပါတယ်။

FAU-G

အိန္ဒိယကို PUBG Mobile ပြန်လာပြီဆိုရင်တော့ လက်ရှိနိုင်ငံတွင်းမှာရှိနေတဲ့ FAU-G လို ဆင်တူရိုးမှား ဂိမ်းများနဲ့ ဈေးကွက်ပြိုင်ဆိုင်မှုများဖြစ်ပေါ်လာမှာပါ။ ဒီပါဝလီပွဲတော်ကလည်း နီးကပ်လာပြီဖြစ်လို့ အိန္ဒိယဂိမ်မာများရဲ့ PUBG Mobile နဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားမှုများကတော့ မြင့်တက်နေပြီပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: indiatoday.in