အိန္ဒိယအစိုးရဆီမှာ မှတ်ပုံတင်ပြီး ကုမ္ပဏီခွဲထူထောင်လိုက်တဲ့ PUBG

 

အိန္ဒိယမှာ တားမြစ်ပိတ်ပင်ခြင်းကို ခံလိုက်ရတဲ့ PUBG Mobile ဟာ နိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ ပရိသတ်များရဲ့ စိတ်ဝင်စားမှုများမြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အားကစားနဲ့ နည်းပညာဝန်ကြီးဌာနကတော့ ဒီကိစ္စဟာ မလွယ်ကူကြောင်း ပြည်တွင်းမီဒီယာများမှာဖော်ပြခဲ့သေးပေမယ့် ယခုအချိန်မှာ PUBG ကော်ပိုရေးရှင်းဟာ အိန္ဒိယကို ပြန်လာနိုင်ဖို့ ပိုနီးစပ်လာစေမယ့် ခြေလှမ်းသစ်တစ်ရပ်ကို ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ။

အဲဒါကတော့ PUBG ကော်ပိုရေးရှင်းရဲ့ ကုမ္ပဏီခွဲတစ်ခုအဖြစ် PUBG India Private Limited ကို အိန္ဒိယအစိုးရထံမှာ မှတ်ပုံတင်လိုက်တာပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီခွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မှတ်ပုံတင်ခဲ့တာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ သိရပြီး ဒါရိုက်တာများအဖြစ် Kumar Krishnan Iyer နဲ့ Hyunil Sohn တို့ကို ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် တောင်ကိုရီးယားအခြေစိုက် PUBG ကော်ပိုရေးရှင်းအနေနဲ့ PUBG Mobile ကို အိန္ဒိယမှာ ပြန်လည်ဖြန့်ချိနိုင်ဖို့ အလှမ်းမဝေးတော့ဘူးလို့ ဆိုရမှာပါ။ PUBG Mobile အနေနဲ့ အိန္ဒိယကို ပြန်လည်ရောက်ရှိလာခဲ့ရင် သတင်း အချက်အလက် ဆိုင်ရာလုံခြုံရေးကို အထူးဂရုစိုက် အလေးပေးသွားမှာ ဖြစ်ကြောင်း ကြေညာထားသလို အိန္ဒိယရဲ့ ဂိမ်း၊ Esports၊ ဖျော်ဖြေရေးဆိုင်ရာနဲ့ နည်းပညာနယ်ပယ်များမှာ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်မှာတော့ အိန္ဒိယရဲ့ Tap Tap store ပေါ်မှာ ‘PUBG Mobile – India’ အမည်နဲ့ app တစ်ခုကို android နဲ့ iOS ပလက်ဖောင်း ၂ ခုလုံးအတွက် pre-register ပြုလုပ်နိုင်နေပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တရားဝင်ကြေညာချက်တစ်စုံတစ်ရာမရှိသေးပေမယ့် pre-register ပေါင်း ၃၀၀,၀၀၀ ကျော် ရရှိနေပြီဖြစ်ပြီး rating လည်း ၉.၈/၁၀ ရရှိထားပါတယ်။

PUBG Mobile အနေနဲ့ အိန္ဒိယအတွက် သီးသန့်ဂိမ်းထွက်တစ်ခုထွက်ရှိလာမလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ ဂိမ်းလောကအတွင်းက PUBG ကော်ပိုရေးရှင်းရဲ့ အိန္ဒိယကို ပြန်လာနိုင်ရေးအတွက် ကြိုးပမ်းနေမှုဟာ စိတ်ဝင်စားဖွယ်ဖြစ်တာမို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, insidesport