အနားယူရာကနေ Dota 2 လောကအတွင်းကို ပြန်လည်ရောက်ရှိလာတဲ့ PPD

 

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းမှာ TI5 ချန်ပီယံဟောင်းနဲ့ နာမည်ကျော်အသင်းခေါင်းဆောင် ကစားသမားတစ်ဦးဖြစ်သူ Peter” PPD” Dager ဟာ Dota 2 လောက ကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ DPC season သစ် စတင်တော့မှာဖြစ်တဲ့ ယခုအချိန်မှာတော့ PPD ဟာ Dota 2 လောကကို ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဒီအကြောင်းကို WePlay Esports ရဲ့ blog post တစ်ခုအတွင်း ကိုယ်တိုင်ပြောကြားသွားခဲ့ပါတယ်။

ESL One Los Angeles Major ကို စတင်ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ချိန်မှာ စိတ်ပျက်အားလျော့မှုကို ခံစားခဲ့ရတဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ PPD က ဆိုပါတယ်။ လအနည်းငယ်ကြာ အနားယူလိုက်ခြင်းဟာ အကြံကောင်းတစ်ခုလို့ ယူဆခဲ့ပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ သူဟာ ငြိမ်သက်အေးဆေးစွာ အနားမယူချင်သူတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

Dota 2 လောက ကနေ အနားယူလိုက်ပြီး ပထမလအတွင်းမှာ PPD ဟာ အလုပ်သစ်နဲ့ အတွေ့အကြုံသစ်များရအောင် ကြိုးပမ်းနေခဲ့ပါတယ်။ ကစားသမားများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ၊ ဂိမ်း developer များ စ သူတို့နဲ့အတူ ပူးပေါင်းကာ အလုပ်လုပ်ဖို့ စီစဉ်ခဲ့သလို နည်းပြ၊ မန်နေဂျာ၊ caster နေရာများကို ဝင်ရောက်ဖို့လည်း ကြံစည်ခဲ့သေးတယ်လို့ PPD က ဆိုပါတယ်။

အနားယူနေစဉ်ကာလအတွင်း PPD ဟာ streamer တစ်ဦးအဖြစ်လည်း ၃ လခန့် ရပ်တည်ခဲ့ပြီး တစ်ပတ်ကို ၆ ရက် ပုံမှန် stream လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအလုပ်များအားလုံးကို နှစ်သက်ခြင်း မရှိကြောင်း သဘောပေါက်လာတဲ့အတွက် ယခုလို Dota 2 လောကအတွင်းကို ကစားသမားတစ်ဦးအဖြစ် ပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့ PPD က ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ PPD ဟာ Sadboys အသင်းခေါင်းဆောင်နေရာကနေ ၂၀၂၁ DPC season ရဲ့ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပြီး အသင်းအတွင်းမှာတော့ Clinton “Fear” Loomis, David “dnm” Cassio, David “Moo” Hull နဲ့ Jingjun “Sneyking” Wu တို့ ပါဝင်ပါတယ် ။ Sadboys ဟာ မြောက်အမေရိက DPC regional league ရဲ့ upper division မှာ ကစားဖို့ တိုက်ရိုက်ဖိတ်ခေါ်ခြင်းကို ခံထားရတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

North America Direct Invite Teams

ယခုလို Dota 2 ကစားသမားတစ်ဦးအနေနဲ့ ပြန်လည်ရပ်တည်လာအောင် အားပေးခဲ့ကြတဲ့အတွက် Sadboys အသင်းသားများအားလုံးကို ကျေးဇူးတင်ကြောင်းလည်း PPD က ပြောသွားခဲ့ပါတယ်။ မကြာမီ စတင်တော့မယ့် ၂၀၂၁ DPC season အတွင်း PPD နဲ့ Sadboys အသင်းသားများရဲ့ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုများကို စောင့်ကြည့်နိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg, weplay.tv