Wild Rift ပေါ်မှာပဲ ကစားနိုင်မယ့် သီးသန့် ချန်ပီယံသစ်များ အနာဂတ်မှာ ထွက်ပေါ်လာနိုင်

 

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ areajugones ရဲ့ အင်တာဗျူးတစ်ခုမှာ Wild Rift ရဲ့ ဂိမ်းဒီဇိုင်းပိုင်းဆိုင်ရာ ဦးဆောင်သူ Brian “Feral Pony” Feeney က ဂိမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများနဲ့ အကြောင်းအရာများကို ဖြေကြားသွားခဲ့ပါတယ်။ Feral Pony ဖြေကြားသွားခဲ့တဲ့ အချက်များ အတွင်း Wild Rift ရဲ့ အနာဂတ်မှာ ပါဝင်လာမယ့် ချန်ပီယံများ၊ သီးသန့် ချန်ပီယံသစ်များ၊ matchmaking ဆိုင်ရာ အကြောင်းအရာများ အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Feral Pony ရဲ့ အဆိုအရ ယခုအချိန်မှာ Wild Rift အတွင်း ထည့်သွင်းသွားမယ့် ချန်ပီယံသစ်များစာရင်းကို အတိအကျ စီစဥ်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Wild Rift ရဲ့ လက်ရှိချန်ပီယံစာရင်းဟာ အလွန်နည်းပါးနေသေးတာကို developer များအနေနဲ့ ကောင်းစွာသိရှိထားတာကြောင့် ပုံမှန်ကာလ အပိုင်းအခြားများ သတ်မှတ်ပြီး ချန်ပီယံသစ်များ ထည့်သွင်းဖို့တော့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Brian “Feral Pony” Feeney

Feral Pony ရဲ့ ပြောကြားချက်အရ developer များဟာ ဂိမ်းအတွင်းကို တစ်လလျှင် အနည်းဆုံး ချန်ပီယံအသစ် တစ်ကောင်စီ ထည့်သွင်းလာနိုင်ကြောင်း အများက ယူဆကြပါတယ်။ Wild Rift အတွင်း နောက်ဆုံးအကြိမ် အသစ်ပါဝင်လာခဲ့တဲ့ ချန်ပီယံများကတော့ Darius, Draven, Wukong တို့ဖြစ်ကြပြီး Teemo နဲ့အတူ ချန်ပီယံသစ်အချို့ကို မကြာမီ မြင်တွေ့လာရနိုင်ပါတယ်။

Wild Rift ပေါ်မှာပဲ ကစားနိုင်မယ့် သီးသန့်ချန်ပီယံများ ထုတ်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း Feral Pony က ပြောသွားခဲ့ပါတယ်။ Wild Rift ရဲ့ developer များအနေနဲ့ PC ပေါ်က League of Legends ရဲ့ အစီအစဉ်များ အတိုင်း လိုက်နာနေစရာမလိုပဲ လွတ်လပ်စွာ ဖန်တီးခွင့်ရရှိထားသလို Wild Rift ရဲ့ ချန်ပီယံစာရင်းကို ပိုများလာအောင်လုပ်ဖို့ လိုအပ်နေတာကိုလည်း သတိထားမိကြကြောင်း၊ ဒါကြောင့် ယင်းတို့အနေနဲ့ ဂိမ်းအတွင်းမှာ လိုအပ်နေတယ်လို့ ခံစားမိတဲ့ ချန်ပီယံသစ် အမြောက်အများကို ထပ်မံထည့်သွင်းသွားမှာဖြစ်ကြောင်း အစရှိသဖြင့်လည်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Feral Pony က Wild Rift ပရိသတ်များ ဆက်တိုက်တောင်းဆိုနေကြတဲ့ Role Queue အကြောင်းနဲ့ ပတ်သက်လို့လည်း ပြောသွားခဲ့ပါတယ်။ Feral Pony ပြောကြားချက်များအတွင်းမှာတော့ Wild Rift အတွင်း Role Queue ပါဝင်ဖို့ အလွန် အရေးကြီးတာကို developer များ သိရှိထားကြောင်း၊ လက်ရှိအချိန်မှာ အတိအကျမပြောနိုင်သေးပေမယ့် ထွက်ပေါ်လာခါနီးမှာတော့ ကြေညာပေးသွားမှာဖြစ်ကြောင်း၊ PC ဂိမ်းပေါ်က မြင်တွေ့နေကျ Role Queue နဲ့ ကွဲပြားနိုင်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Developer များအနေနဲ့ Wild Rift ကို အချိန်နဲ့အမျှ ပိုမိုကောင်းမွန်လာအောင် ဆက်တိုက် ပြင်ဆင်နေကြောင်းနဲ့ ဂိမ်းအတွက် လိုအပ်တဲ့ အခြားအချက်အလက်များအပေါ် အာရုံစိုက် လုပ်ဆောင်နေကြောင်း တို့ကိုလည်း Feral Pony က ပြောသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
Source: afkgaming