သွားလေရာ သယ်ဆောင်ကစားနိုင်မယ့် Portable PS4 ဂိမ်းစက်ကို ဂျပန်နည်းပညာရှင်တစ်ဦး ဖန်တီး

 

ဂျပန်နိုင်ငံမှ နည်းပညာရှင်တစ်ဦးဟာ PS4 ဂိမ်းစက်တစ်လုံးကို သွားလေရာ သယ်ဆောင်ပြီး နေရာမရွေး ကစားလို့ရတဲ့ portable ဂိမ်းစက်အဖြစ် ပြောင်းလဲဖန်တီးပြခဲ့ပြီးနောက် ဒီအကြောင်းကို တွစ်တာပေါ်မှာ မကြာသေးမီက မျှဝေပေးခဲ့ပါတယ်။ DX Terraria လို့ အမည်ရတဲ့ ယင်းတွစ်တာအကောင့်စာမျက်နှာပေါ်မှာ ဒီ portable PS4 ဂိမ်းစက်ကို ဖန်တီးဖို့အတွက် ၁၀ လ ခန့် အချိန်ယူခဲ့ရကြောင်းနဲ့ နောက်ပိုင်းမှာ portable PS5 ကို ဆက်လက်ဖန်တီးသွားမှာဖြစ်ကြောင်းတို့ကိုလည်း တင်ထားခဲ့ပါတယ်။

ဖော်ပြထားတဲ့ ဓာတ်ပုံများအရ ဒီ portable PS4 ကို ငွေရောင် လက်ဆွဲသေတ္တာတစ်ခုအတွင်း ပြုလုပ်ထားတာ ဖြစ်ပြီး လက်ပ်တော့တစ်လုံးသဖွယ် အပိတ်အဖွင့်လုပ်နိုင်မယ့် ဖန်သားမျက်နှာပြင် ပါဝင်ပါတယ်။ ဒီဂိမ်းစက်ဟာ ၆.၄ ကီလိုဂရမ် (၁၄ ပေါင်) ခန့်သာ အလေးချိန်ရှိပြီး သာမန် PS5 တစ်လုံးရဲ့ အရွယ်အစားလောက်တောင် မရှိဘူးလို့လည်း ဆိုပါတယ်။

Console ဂိမ်းဝါသနာရှင်တိုင်းဟာ မိမိတို့ရဲ့ ဂိမ်းစက်များကို သွားလေရာ သယ်ဆောင်ပြီး ကစားလိုကြတာမို့ ယခုလို portable PS4 ဂိမ်းစက်ထွက်ပေါ်လာမှုကို PS4 ဂိမ်မာအမြောက်အများက လက်ခံကြိုဆိုခဲ့ကြပါတယ်။ ဖန်တီးသူရဲ့ အဆိုအရ ဒီဂိမ်းစက်ကို ပြုလုပ်ဖို့အတွက် ဂျပန်ယန်း ၅၀,၀၀၀ (၄၈၅ ဒေါ်လာ) ခန့် ကုန်ကျခဲ့ပါတယ်။

ဖန်တီးသူဟာ portable PS4 များကို စီးပွားဖြစ် ပြုလုပ်ရောင်းချဖို့တော့ အစီအစဥ်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ဒီဂိမ်းစက်ရဲ့ ဘက်ထရီဟာ တစ်နာရီခန့်သာ ခံပေမယ့် လက်ပ်တော့တစ်လုံးလိုပဲ တိုက်ရိုက်အားသွင်းပြီး ဂိမ်းကစားနိုင်ကြောင်းကိုလည်း ရေးသားထားခဲ့ပါတယ်။

Console ဂိမ်မာအမြောက်အများကတော့ ဒီလို portable PS4 ဂိမ်းစက်မျိုးကို အနာဂတ်မှာ ဝယ်ယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ DX Terraria ဟာ Portable PS4 တီထွင်ပြီး နောက် (၄) ရက်အကြာမှာလည်း Remote Play နိုင်တဲ့ Portable PS5 တီထွင်ပြီးကြောင်းကိုလည်း ပုံတင်ပြီး ကြေညာခဲ့ပါသေးတယ်။

ဂိမ်းလောကအတွင်းက ထူးခြားတဲ့ဖန်တီးမှုတစ်ခုကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: unilad.co.uk, DX Terraria twitter