Mobile Legends: Bang Bang ရဲ့ Project NEXT အား တရားဝင်မိတ်ဆက်ကြေညာ

 

Mobile Legends: Bang Bang ဟာ အခုနှစ်အတွက် အရေးကြီးဆုံး စီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ Project NEXT ကို ၂၀၂၀ ဇူလိုင်လ ၁၉ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ကြေညာလိုက်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးကြော်ငြာ ဗီဒီယိုထဲမှာ ဂိမ်းဖန်တီးထုတ်လုပ်သူအဖွဲ့က အချက်အလက် အများအပြား ထည့်သွင်းပြသလာခဲ့ပြီး ဟီးရိုးတွေကို ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ Project NEXT ရဲ့ တရားဝင်အမှတ်တံဆိပ်နဲ့ ဒီဇိုင်းရေးဆွဲခြင်းရဲ့ နောက်ခံအကြောင်းအရာ များကိုပါ ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့ပါတယ်။

တစ်ချို့သော ဟီးရိုးအဟောင်းတွေကို ထင်ရှားကွဲပြားစေဖို့အတွက် Mobile Legends: Bang Bang ရဲ့ ဂိမ်းဖန်တီးထုတ်လုပ်မှုအဖွဲ့ဟာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်မွမ်းမံမယ့် စာရင်းထဲမှာ ပထမဆုံး ဟီးရိုး ကတော့ Mobile Legends: Bang Bang ဂိမ်းရဲ့ ပထမဆုံး ဟီးရိုးလည်း ဖြစ်တဲ့ Miya ပါ။ Miya ဟာ ဒီဂိမ်းရဲ့ သင်္ကေတ တစ်ခုဖြစ်လာခဲ့ပြီး အခု Project NEXT နဲ့အတူ သူ့အတွက် စွန့်စားခန်းအသစ်ကို ကြုံတွေ့ရမှာပါ။

Mobile Legends: Bang Bang ဟာ Miya ကို လက်နက်ကနေ ဝတ်စုံအထိ ကြီးမားတဲ့ ပြုပြင်မွမ်းမံမှု ပြုလုပ်ထားပြီး သိမ်မွေ့ရဲရင့်တဲ့ လေးသည်တော်တစ်ဦး ဖြစ်လာစေမှာပါ။ ဒါ့အပြင် ဂိမ်းပွဲထဲမှာ ပိုပြီး ရွေးချယ်ကစားလာနိုင်ဖို့အတွက်လည်း သူမရဲ့ စွမ်းရည်တွေကို အဆင့်ဆင့် ပြောင်းလဲပေးထားပါတယ်။ မွမ်းမံပေးထားတဲ့ မူလတိုက်ခိုက်မှုစွမ်းရည် (Passive) နဲ့ စွမ်းရည် ၂ (Skill 2) တို့ဟာ သူမကို ပိုမြင့်မားတဲ့ တိုက်ခိုက်မှုစွမ်းရည်၊ ထိန်းချုပ်နိုင်မှုနဲ့ ဆော့ကစားတဲ့ နေရာကို ပိုပြီး လွတ်လပ်စေမှုတို့ ပေးစွမ်းနိုင်မှာပါ။

နောက်ထပ်မွမ်းမံဖို့ ဟီးရိုးစာရင်းထဲမှာ Miya နဲ့ လေးနက်တဲ့ ဆက်သွယ်မှုရှိပြီး ကစားသမားတွေကလည်း စိတ်အားထက်သန်စွာ မျှော်လင့်နေတဲ့ Alucard လည်း ပါဝင်ပါတယ်။
တရားဝင်ပြောကြားချက်အရ Alucard ရဲ့စွမ်းရည်ပိုင်းကို အသေးစားပြင်ဆင်မှု အများအပြား ထည့်သွင်းလာမှာ ဖြစ်ပေမယ့် သူ့ရဲ့ လူကြိုက်များပြီးသား ပုံသဏ္ဍာန်ကိုတော့ များများစားစား ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ တုံ့ပြန်ချက်စစ်တမ်းအရ Alucard ရဲ့ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်နိုင်စွမ်းကို နှစ်ခြိုက်ကြကြောင်း သိရတဲ့အတွက် ရန်သူတစ်ဦးတည်းအပေါ် တိုက်ခိုက်နိုင်စွမ်းကို အမြင့်ဆုံး မြှင့်တင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

အတိအကျပြောရရင် ဂိမ်းဖန်တီးထုတ်လုပ်မှုအဖွဲ့ဟာ သူ့ရဲ့ မူလစွမ်းရည်ကို ပြင်ဆင်ထားပြီး သူ့ရဲ့ တိုက်ခိုက်မှုက ပစ်မှတ်နှစ်ခုကို ထိခိုက်စေခြင်း အစား ပစ်မှတ်တစ်ခုထဲကိုပဲ များပြားတဲ့ ထိခိုက်မှုဖြစ်စေမှာပါ။ ဒါ့အပြင် သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည် (Ultimate Skill) မှာပါဝင်တဲ့ သွေးပြန်ပြည့်စေခြင်း(Lifesteal)ကို ဖယ်ရှားပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်အပေါ် ထိခိုက်မှု ပိုမိုမြင့်မားစေဖို့ ပြောင်းလဲထားပါတယ်။ ဒီတိုက်ခိုက်မှုက မူလစွမ်းရည် (Passive) ကိုလည်း ပစ်မှတ်အပေါ် သက်ရောက်စေတာကြောင့် တိုက်ခိုက်မှုစွမ်းရည်ကို ထပ်မြှင့်တင်ပေးပါတယ်။
နောက်ထပ် အသိပေးဖို့ ထိုက်တန်တာကတော့ ဟီးရိုးတွေရဲ့ ပုံပန်းသဏ္ဍာန်နဲ့ စွမ်းရည်တွေကို ပြုပြင်ပြောင်းလဲခြင်းအပြင် ဟီးရိုးတွေကြားထဲက နောက်ခံဇာတ်လမ်းတွေကိုလည်း စုံလင်တဲ့ ရှုထောင့်တွေကနေ ပြန်လည်တည်ဆောက်ထားတာပါ။
Project NEXT ဟာ ကာလရှည်ကြာပြုလုပ်ရမယ့် စီမံကိန်းဖြစ်ပြီး ကစားသမားတွေအတွက် ဟီးရိုးများ ပြန်လည်မွမ်းမံခြင်း၊ ပုံပန်းသဏ္ဍာန်နဲ့ ဂီတအဆင့်မြှင့်တင်မှုများနဲ့ သက်ဆိုင်ရာကမ္ဘာ စတဲ့ ကစားမှုရသ အတွေ့အကြုံသစ်တွေ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Mobile Legends: Bang Bang ဟာ “ပိုကောင်းတဲ့ အရည်အသွေး” နဲ့ “ပိုကောင်းတဲ့ ရသ” နှစ်မျိုးလုံး ရရှိစေဖို့ မမှိတ်မသုန် ကြိုးစားနေပြီး ဒါကြောင့်ပဲ Project NEXT အတွက် သီးခြား အမှတ်တံဆိပ်တစ်ခုကို ဖန်တီးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီအမှတ်အသားမှာ ရွှေရောင်က ဂုဏ်သရေ၊ တရားမျှတမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ကိုယ်စားပြုပြီး တောက်ပလင်းလက်နေတဲ့ အပြာရောင်ကျောက်မျက်က မျှော်လင့်ချက်အား ကိုယ်စားပြုသလို ရှေ့ဆက်ဖို့ လမ်းပြနေတဲ့ အလင်းတန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့ ဂိမ်းထဲက ရဲတိုက်မျှော်စင်ကို ကိုယ်စားပြုပါတယ်။ အောက်ဘက်မှာပါဝင်တဲ့ “V” ပုံစံကတော့ တောင်ထိပ်ပုံလေးဖြစ်ပြီး အတိတ်က သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ “NEXT” ဆိုတဲ့ အမည်အတိုင်း အသစ်စက်စက် စွန့်စားခန်းတွေ စောင့်မျှော်နေတာကို ကိုယ်စားပြုဖော်ပြပါတယ်။
နှစ်ပေါင်းများစွာ အအောင်မြင်ဆုံးဂိမ်းတစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ Mobile Legends: Bang Bang ဟာ အချိန်နဲ့တပြေးညီ ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေကို မှတ်သားပြီး ပြုပြင်ပြောင်းလဲမှုတွေ၊ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နှစ်ပတ်လည် Update ဖြစ်တဲ့ Mobile Legends: Bang Bang 2.0 ဟာလည်း ကစားသမားတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးသားပါ။
ဒါ့ကြောင့် Project NEXT ဟာလည်း စောင့်ဆိုင်းရကျိုးနပ်မယ့် အပြောင်းအလဲတစ်ခု ဖြစ်မှာ သေချာပြီး နောက်ဆုံးရ သတင်းတွေကို ဆက်လက်ဖော်ပြသွားမှာမို့ ဆက်လက်စောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။